Skip to main content

ပဲခူးတိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဩဂုတ် ၁၁

သြဂုတ်လ(၁၁)ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ ပဲခူးတိုင်း ဒေသကြီး မြိုပြဖွံ့ဖြိုး တိုးတက်ရေးကော်မတီ (Urban Development Committee Bago) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မြိုပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက "စနစ်ကျသော မြို့ပြ တစ်ခု ဖြစ်ပေါ်လာစေရန် တိုးတက်လာမည့် လူဦးရေ၊ အိမ်ရာ၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ အပေါ် မူတည်ပြီး မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲ ထားရမည်ဖြစ်ကြောင်း၊ ယင်းသို့ မြို့ပြစီမံကိန်းများ ကြိုတင် မျှော်မှန်းရေးဆွဲထားမှသာ လူနေအိမ်ရာများ၊ စက်မှုဇုန်များ၊ ကုန်သိုလှောင်ရုံများ၊ စီးပွားရေးဇုန်များ၊ အပန်းဖြေနေရာများ စသည့် ဇုံအလိုက် စနစ်တကျ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း" ပြောကြားခဲ့ သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား နှစ်အလိုက် မြို့ပြစီမံကိန်းများ ရေးဆွဲပေးနေမှု အခြေအနေများကို လည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်အေးက ပဲခူးမြို့၊  ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တောင်ဘက်နှင့် ညောင်အင်းလမ်း ဝဲ/ယာ အနီး မြေနေရာများအတွက် မြေအသုံးချမှု Master Plan (မူကြမ်း)အားလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝေလင်းထွန်းက ကြို့ပင်ကောက်မြို့အတွက် ရေးဆွဲထားသည့် မြို့ပြဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Town Plan) (မူကြမ်း)အား လည်းကောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီဝင်များက ဖြည့်စွက်အကြံပြု တင်ပြကြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)