Skip to main content

ကြာအင်းဆိပ်ကြီးမြို့၌ SME ချေးငွေ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၁

ကရင်ပြည်နယ် ကေ့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန် ဝင်ငွေအသစ်များ ရရှိစေရန်နှင့် လူမှုအဆင့်အတန်းကို တိုးမြှင့်လာစေရေးအတွက် ရည်ရွယ်ပြီး SME ချေးငွေ လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစားအလတ်စားလုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်သူများအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြိူ့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးစိန်လွင်က SMEs လုပ်ငန်းများတွင် စားသုံးသူဈေးကွက်သို့ ရောက်ရှိမည့် ထုတ်လုပ်မှု ကွင်းဆက် Supply တစ်လျှောက်လုံးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ပတ်သက်သူများဖြစ်ကြပြီး ၎င်းတို့ထဲတွင် စိုက်ပျိုးလုပ်ငန်းများ ကုန်ထုတ်လုပ်ငန်း လက္ကားနှင့် လက်လီရောင်းဝယ်ရေးလုပ်ငန်းများ IT လုပ်ငန်းများ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဝန်ဆောင်မှု လုပ်ငန်းများအား ချေးငွေထုတ်ပေးနိုင်မည့် အခြေအနေ များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြည်နယ် မြန်မာ့ စီးပွားရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဦးထင်ကျော်က SME ချေးငွေလျှောက်ထားလိုပါက လိုအပ်သည့် အချက်အလက်များ ထုတ်ချေးပေးနိုင်မည့် ချေးငွေနှုန်းထား ဘဏ်အတိုးနှုန်းထားများ ပြန်လည်ပေးဆပ်ရမည့် အချိန်ကာလ စသည့်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦးပြန်/ဆက်