Skip to main content

ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးခဲ့သော မီးသတ်ယာဉ် များ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား      သြဂုတ်   ၁၁

ကချင်ပြည်နယ်အတွင်း မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ထိရောက်စွာ ကာကွယ် ပေးနိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် မီးသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဖားကန့်ဒေသအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် မီးသတ်ဦးစီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံ (၇၀)၊ Life Jacket (၇၀)စုံ၊ ရာဘာလေသွင်းလှေ (၄)စီး၊ Stretcher (၆)ခု၊ ဖိုက်ဘာအသက်ကယ်ဘောကွင်း (၅၀)၊ အသက်ကယ်ကွင်းနှင့် အသက်ကယ်ကြိုးများ အား ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့်  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အတွက် ဝယ်ယူဖြည့်ဆည်းပေးခဲ့သော ရေဂါလံ (၈၀၀)ဆံ့ မီးငြှိမ်းသတ်ယာဉ် (၅)စီး၊ ရေဂါလံ (၁၆၀၀) ဆံ့မီးသတ်ရေသယ်ယာဉ်(၃)စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ် (၁)စီး စုစုပေါင်း မီးသတ်ယာဉ် (၉)စီးတို့နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များ၏ စွမ်းရည်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့လွှဲပြောင်းပေးအပ်သော မီးသတ်ယာဉ်များမှာ ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေဖြင့် ဝယ်ယူ ပေးခဲ့ခြင်းဖြစ်ပြီး ရေဂါလံ (၈၀၀)ဆံ့ မီးငြှိမ်းသတ်ယာဉ် (၅)စီးကို ပြည်နယ် မီးသတ်ဦးစီးဌာနရုံး၊ မြစ်ကြီးနားမြို့နယ် လယ်ကုန်းနယ်မြေမီးသတ်စခန်း၊ ပူတာအိုခရိုင်၊ ဝိုင်းမော်မြို့နယ်နှင့် အင်းတော်ကြီးဒေသ လွဲမွန်ကျေးရွာတို့အတွက် တစ်စီးစီနှင့် ရေဂါလံ (၁၆၀၀)ဆံ့ ရေသယ်ယာဉ် များကို ပြည်နယ်ရုံး၊ ပူတာအိုခရိုင်နှင့် မိုးညှင်းခရိုင်တို့အတွက် (၁)စီးစီနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ် (၁)စီးကို မိုးညှင်းခရိုင်အတွက်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)