Skip to main content

MNL ကလပ်အသင်းများ၏ အုပ်ချုပ်/နည်းပြနှင့် ကစားသမားများကို ကိုဗစ်-၁၉ ရောဂါ တို့ဖတ် နမူနာ ရယူစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၀

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက် လျက်ရှိပြီး မြန်မာနေရှင်နယ် လိဂ်ကလပ်အသင်း များမှ အုပ်ချုပ်/နည်းပြနှင့် ကစားသမားများကို ကိုဗစ်-၁၉ ရောဂါ တို့ဖတ်နမူနာ ရယူစစ်ဆေးခဲ့သည်။


မြန်မာ နေရှင်နယ်လိဂ်သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကလပ် အသင်းအားလုံးကို Camp Quarantine နေထိုင်စေလျက်ရှိပြီး သြဂုတ် ၁၀ ရက်တွင် ရောဂါပိုး ရှိ၊ မရှိ စတင်စစ်ဆေးနေခြင်း ဖြစ်သည်။ သြဂုတ် ၁၀ ရက်တွင် ရှမ်းယူနိုက်တက်၊ ရခိုင်၊ Southern၊ မကွေးနှင့် ရတနာပုံအသင်းတို့အား တို့ဖတ်နမူနာ များရယူခဲ့ပြီး သြဂုတ် ၁၁ ရက်တွင် ကျန်ရှိသည့်အသင်းများကို ထပ်မံစစ်ဆေးမည် ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း များအနက် ရန်ကုန်အသင်းသာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးထားပြီး ကျန်ကိုးသင်းကို စစ်ဆေး နေခြင်းဖြစ်သည်။ ကလပ်အသင်း များ၏ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်က အကုန်အကျ ခံကာ ဆောင်ရွက်ပေးခြင်းဖြစ်သည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများသည် Camp Quarantine နေထိုင်နေသည့် ကလပ်အသင်းများကို လာရောက်စစ်ဆေးခဲ့ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်အတိုင်း နေထိုင်ခြင်း ရှိ၊ မရှိ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ကလပ် အသင်းအားလုံးမှ အုပ်ချုပ်/နည်းပြ များနှင့် ကစားသမားများအားလုံး၏ ရောဂါပိုးစစ်ဆေးမှုရလဒ်၊ အဆောင်များတွင် ပြင်ဆင်ဆောင်ရွက်ထားမှု များအပေါ်မူတည်၍ ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပ ခွင့်ရ၊ မရ ဆက်လက်တင်ပြဆုံးဖြတ်မည်ဖြစ်သည်။

ညီမြတ်သော်တာ
ဓာတ်ပုံ-MNL