Skip to main content

ကိုကိုးကျွန်းမြို့နယ်၌ သဘာဝဘေးဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရန် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သည့် ပစ္စည်းများပို့ဆောင်

ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရန် အိမ်ထောင်စု ၁၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ပါဝင်သည့် ထောက်ပံ့ရေးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ကိုကိုးကျွန်းသို့ ထွက်ခွာသည့် M.V Charites သင်္ဘောဖြင့် ပို့ဆောင်လိုက်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။

ထိုသို့ ပို့ဆောင်ရေးအတွက် ဩဂုတ် ၉ ရက်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကိုကိုးကျွန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံပြီး ကယ်ဆယ်ရေးစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းပြကာ ဘေးအန္တရာယ် ကျရောက်မှုအလိုက် ထောက်ပံ့မှု၊ မထောက်ပံ့မီ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ်တင်ပြရေး၊ အချက်အလက် များပေးပို့ရေး၊ ထောက်ပံ့ငွေတွက်ချက်မှုနှင့် အချိန်မီပေးပို့နိုင်ရေး၊ လစဉ်ပြန်တမ်းပေးပို့နိုင်ရေး အစရှိသည်များအား အသေးစိတ်ရှင်းလင်း ပြောကြား ကြသည်။


အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့


ထို့နောက် ကိုကိုးကျွန်းမြို့နယ် အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရန် အိမ်ထောင်စု ၁၀၀ အတွက် ကယ်ဆယ် ရေးပစ္စည်း ၁၆ မျိုး ပါဝင်သည့် ထောက်ပံ့ရေးပစ္စည်းများကို သာကေတ Five Star သင်္ဘောဆိပ်မှ တစ်ဆင့် M.V Charites သင်္ဘောဖြင့် ကိုကိုးကျွန်းသို့ ပို့ဆောင်ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းရွှေက “ကိုကိုး ကျွန်းမြို့နယ် ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပါဝင်ပေမယ့် အလှမ်းဝေးကွာတယ်။ လမ်းခရီးအရ တော်တော်နဲ့ မရောက်နိုင်ပါဘူး။ ကျွန်းမြို့ တစ်မြို့ဖြစ်တဲ့အတွက် သဘာ၀ဘေးအန္တရာယ် အချိန်မရွေးကြုံတွေ့ လာနိုင်တယ်။ ဒါကြောင့် အချိန်မီ ထောက်ပံ့နိုင်ဖို့အတွက် အခုလို ကြိုတင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် စတင်ဆောင်ရွက်တာပါ။ ဒီပစ္စည်းတွေကိုတော့ ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ သိုလှောင်ထားရှိပြီး ထောက်ပံ့ရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်

ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် တစ်မြို့ အပါအဝင်ဖြစ်သော်လည်း ရန်ကုန်မြို့နှင့် အလှမ်းဝေးသည့် ကျွန်းမြို့ တစ်မြို့ဖြစ်သည့် အပြင် သွားလာရန် ခက်ခဲသည့်အတွက် သဘာ၀ဘေး အန္တရာယ်တစ်စုံတစ်ရာ ရင်ဆိုင်ရပါက အဆိုပါမြို့နယ်နေ ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ကူညီ နိုင်ရန် ရည်ရွယ်ကာ ထိုသို့ကြိုတင် ဆောင်ရွက်ခြင်းဖြစ်သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုကိုးကျွန်းမြို့နယ် ဒေသဖွံ့ဖြိုးမှု အားကောင်းစေရန် ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြို့နယ်၌ ဆိုလာလျှပ်စစ်မီးရရှိရေးနှင့် ဆက်သွယ်ရေးကောင်းမွန်စေရန် ဆောင်ရွက်ရာတွင် အသုံးပြုမည့် လျှပ်စစ်ပစ္စည်းများနှင့် ဆက်သွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ဩဂုတ် ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားသည့် ဘေးအန္တရာယ် ဆိုင်ရာ ထောက်ပံ့မှုပစ္စည်းများ တင်ဆောင်သွားသော M.V Charites သင်္ဘောဖြင့် သယ်ဆောင်သွားကြောင်း၊ ကိုကိုးကျွန်းမြို့နယ်သည် မီးဘေးအန္တရာယ်ဖြစ်ပွားမှု နည်းပါးသော်လည်း ပင်လယ်ပြင်အတွင်းရှိ ကျွန်းမြို့တစ်မြို့ ဖြစ်သည့်အတွက် ဆူနာမီ၊ ရေဘေးနှင့် လေဘေးအန္တရာယ်များကို သတိပြုရကြောင်း ညွှန်ကြားရေးမှူး ဦးဝင်းရွှေထံမှ သိရသည်။

 သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး