Skip to main content

ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် ပြေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဩဂုတ်လ ၆ ရက် ကိုကိုးကျွန်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ပြေးဆွဲနိုင်ရေး လမ်းညွှန်မှာကြားချက်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးစိုးနိုင်၊ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဉာဏ်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ဩဂုတ် ၆ ရက် ကိုကိုးကျွန်းသို့သွား ရောက်ခဲ့သည့် ခရီးစဉ်တွင် ကိုကိုးကျွန်းကို ရောက်ရောက် ချင်းတွေ့ရသည့် အကြီးမားဆုံးအခက်အခဲတစ်ခုသည် ပြည်မနှင့်ဆက်သွယ်မှု အခက်အခဲဖြစ်ပါ ကြောင်း၊ သင်္ဘောခဏခဏမလာနိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အနေဖြင့် ကိုကိုးကျွန်းကို သင်္ဘောများ ယခုထက်ခပ်စိပ်စိပ်လာနိုင်ရန်အတွက် မည်ကဲ့သို့လိုအပ်ချက်များရှိသည်၊ မည်သို့ လုပ်ပေးနိုင်မည်၊ မည်သို့လုပ်ပေးရမည်ဆိုသည်ကိုလေ့လာပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်းဟု လမ်းညွှန်ခဲ့ပါကြောင်း၊ ကိုကိုးကျွန်းကို ဖိဖိစီးစီးဖြင့် စံပြမြို့ လေးတစ်ခုဖြစ်အောင် နိုင်ငံ၏လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် အဝေးရောက်နေသော ကင်းတစ်ခု၊ တစ်နည်းအားဖြင့် မရှိမဖြစ်နေရာ တစ်ခုဟုသတ်မှတ်၍ ကိုကိုးကျွန်း၏ တိုးတက်ရေးကို အဓိကထားပြီး လုပ်ပေးလိုပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံ၏တိုးတက်ရေးကို လေ့လာသည့် အခါတွင် ကိုကိုးကျွန်း၏ပုံရိပ်ကိုကြည့်ပြီး နိုင်ငံမည်မျှတိုးတက်နေသည်ကို ကြည့်ပြီးဆုံးဖြတ်နိုင် ရန်ဖြစ်ပါကြောင်း။

ကိုကိုးကျွန်းကဲ့သို့ နေရာမျိုးတွင် ပြောင်းလဲမှုသည် မှန်ကန်ရန်၊ ပြောင်းလဲမှုသည် ပြည်သူများ အတွက် အကျိုးရှိရန် ကြိုးစားနိုင်ပါကြောင်း၊ ကိုကိုးကျွန်းသည် နေရာသေးသော်လည်း အခွင့်အရေး များပါကြောင်း၊ အခွင့်အရေးများကို မှန်မှန်ကန်ကန် အသုံးပြုသွားမည်ဆိုလျှင် များစွာအကျိုးရှိ နိုင်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းမှ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး လင်းရေးတို့ကို အဘက်ဘက်ကဝိုင်းဝန်းပြီး ကြိုးစားသွားမည်ဆိုလျှင် ကိုကိုးကျွန်းကဲ့သို့နေရာသည် နှစ်ပိုင်း (သို့မဟုတ်) လပိုင်းအတွင်းတိုးတက်မှုများကို ထင်ထင်ရှားရှားပြနိုင်မည် ဖြစ်ပါကြောင်း၊ ထင်ထင်ရှားရှား ပြနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့မှစ၍ ကြိုးစားရမည် ဖြစ်ပါကြောင်း” ဟု လမ်းညွှန်ခဲ့ရာ ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ပြေး ဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ မိမိကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ တာဝန်ရှိသူ များက မိမိတို့ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်း တင်ပြကြပြီး ရှင်းလင်းတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ထပ်မံသိလိုသည်များ မေးမြန်းညှိနှိုင်းဆောင်ရွက် ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် “ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် ပြေးဆွဲနိုင်ရေးအတွက် ဩဂုတ်လနောက်ဆုံးအပတ်တွင် စတင်လိုပါကြောင်း၊ ဩဂုတ်၊ စက်တင်ဘာလများတွင် တစ်လနှစ်ခေါက်ပြေး ဆွဲနိုင်ရန်ရည်မှန်းထားပြီး ရာသီဥတုကောင်း မွန်သည့် အောက်တိုဘာ၊ နိုဝင်ဘာလ၌ တစ်လသုံးခေါက်ပြေးဆွဲနိုင်ရေး၊ ဆိပ်ကမ်းဆိပ်ခံပြုပြင် မွမ်းမံရေးဆိုင်ရာများကို အမြန်ဆုံးကွင်းဆင်း လေ့လာတိုင်းတာပြင်ဆင် ဆောင်ရွက်ကြစေလို ကြောင်း၊ ကိုကိုးကျွန်းသည် နိုင်ငံ၏နယ်စွန်နယ်ဖျား ပြင်ပစည်းမှ နိုင်ငံ၏လုံခြုံရေးကို စောင့်ရှောက် ပေးနေသည့်နေရာဒေသဖြစ်သည့်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်ကြစေလို ကြောင်း၊ လိုအပ်ချက်များအား နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ကိုကိုးကျွန်း၏ ပညာရေးအတွက် အွန်လိုင်းသင်ကြားရေး အထောက်အကူဖြစ်စေရန် ဆက်သွယ်ရေး ဆိုင်ရာမှလည်း ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးမှာကြားသည်။

(သတင်းစဉ်)