၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၈ ရက်တွင် စတင်ပြီဖြစ်ရာ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေကြပြီဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းဖြေနှင့် ပြင်ပဖြေစာရင်းရှိဦးရေ တစ်သိန်းရှစ်သောင်းခန့်ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ တစ်သိန်းခြောက်သောင်းကျော်ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၀ ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် မြန်မာနိုင်ငံသို့ ကိုဗစ်- ၁၉ ရောဂါ ဝင်ရောက်ကူးစက်ပျံ့နှံ့လာသည်မှ စတင်ကာ စာသင်ကျောင်းများပိတ်ခဲ့ရပြီး ပညာရေးကဏ္ဍ နှောင့်နှေးခဲ့ရသည်။ ကျောင်းများပိတ်ထားရခြင်းသည် နိုင်ငံတော်နှင့် ကျောင်းသား ကျောင်းသူများ၊ မိဘများအတွက် ထိခိုက်နစ်နာမှုပင်ဖြစ်ခြင်းကြောင့် ၂၀၂၁ ခုနှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့သည့်အပြင် တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်စာရင်းကိုလည်း ထုတ်ပြန်ပေးနိုင်ခဲ့သည်။ နိုင်ငံတစ်ဝန်းလုံးအနေဖြင့် ကြည့်ပါက နယ်မြေဒေသ အေးချမ်းမှုမရှိ၊ လုံခြုံရေးအရ တည်ငြိမ်မှုမရှိသည့် ဒေသများတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ခြင်းမရှိသလို နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲတွင် ဆန့်ကျင်လှုံ့ဆော်မှုများကို နားယောင်သူများက မိမိတို့၏ သားသမီးများကို ကျောင်းအပ်နှံခြင်း မပြုကြခြင်းကြောင့် ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူ အရေအတွက်မှာ ကိုဗစ်-၁၉ မတိုင်မီကာလနှင့်နှိုင်းယှဉ်ပါက လေးပုံတစ်ပုံခန့် လျော့နည်းသွားခဲ့သည်။
မိမိတို့နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်အခြေအနေသည် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေအချိုးအဆ များပြားကောင်းမွန်သော်လည်း အရည်အသွေး၊ အရည်အချင်းအရ မြှင့်တင်ရန် လိုအပ်နေသည်။ နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရာတွင် လိုအပ်သည့် တန်ဖိုးမြင့် လူ့စွမ်းအားအရင်းအမြစ် အားနည်းနေသည်။ တစ်နည်းအားဖြင့် နိုင်ငံတွင် ပညာတတ်နည်းပါးနေသည့်အတွက် ပညာရည်မြင့်မားရေးကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်သည်။ အခြေခံပညာကဏ္ဍတွင် သူငယ်တန်း၌ ကျောင်းသား ကျောင်းသူ ၁၀၀ အပ်နှံလာပါက တက္ကသိုလ်ဝင်တန်းအထိ ရောက်ရှိလာသူမှာ ကျောင်းသား ကျောင်းသူ ၂၀ ခန့်သာ ဖြစ်သည်။ အကြမ်းဖျဉ်းအားဖြင့် သုံးပုံတစ်ပုံခန့်သည် မူလတန်းတွင် ကျန်ခဲ့ပြီး ထက်ဝက်ကျော်ခန့်မှာ အလယ်တန်းတွင် ထွက်သွားခဲ့ကြရာ ပညာရေးအဟောသိကံဖြစ်မှု၊ လေလွင့်ဆုံးရှုံးမှု များပြားလှသည့်အတွက် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီနှင့်တကွ နိုင်ငံအဖို့ပါ နစ်နာဆုံးရှုံးမှုပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး”ဟူသော လူမှုရေးဦးတည်ချက်ကို ချမှတ်ထားပြီး အမျိုးသားပညာရည်မြင့်မားရေးအတွက် ဘက်စုံထောင့်စုံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဆင့်တို့ကို သင်ယူပြီးမြောက်ခဲ့ကြပြီဖြစ်ပြီး အရည်အချင်းစစ်ဆေးမှုဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုမှတစ်ဆင့် အဆင့်မြင့် ပညာရေးကို တက္ကသိုလ်အသီးသီးတွင် ဆက်လက်သင်ယူနိုင်ကြမည်ဖြစ်ရာ သက်ဆိုင်ရာ ဘာသာရပ်အားလုံးတို့ကို ကျန်းမာရွှင်လန်း မပင်မပန်းဘဲ ဖြေဆိုနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်