ရန်ကုန် ဩဂုတ် ၇
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲအပါအဝင် ပြည်တွင်း ဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စစ်ဆေးမှု ပြုလုပ် ရမည် ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ များသည် ဇူလိုင် ၁၃ ရက်က ပထမအကြိမ် လာရောက် စစ်ဆေးခဲ့ပြီး ဩဂုတ် ၁၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ကလပ်အသင်းအားလုံး၏ နားနေ ဆောင်များကို ထပ်မံ စစ်ဆေးမည်ဖြစ်သည်။ ထို့ပြင် ရောဂါကူးစက်မှုမရှိစေရန် အသင်းအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး သွားမည်ဖြစ်သည်။ ကလပ်အသင်းအားလုံးမှ အုပ်ချုပ်/နည်းပြ များအပါအဝင် မှတ်ပုံတင် ထားသည့် ကစားသမား အားလုံးကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာတွင် ရောဂါပိုး လုံးဝမရှိမှသာ ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပ ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က သတင်းထုတ်ပြန်ခဲ့သည်။
ကလပ်အသင်းများ Team Camp အဖြစ် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လက်ရွေးစင် ကစား သမားများ အဆောင်ကို အသုံး ပြုခွင့်ပေးမည်ဖြစ်ပြီး ကလပ်အသင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကျန်းမာရေးဆိုင်ရာ အချက် ၄၅ ချက် အတိုင်း လိုက်နာ နေထိုင် ရမည်ဖြစ်သည်။ ထို့ပြင် ကလပ်အသင်းများ အဆင်ပြေစေရန် လေ့ကျင့်ရေး ကွင်းများကိုလည်း မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၂၀၂၀ ရာသီ MNL ပြိုင်ပွဲကို မတ် ၂၄ ရက်တွင် စတင်ရပ်နားခဲ့ရပြီး ရောဂါပိုးရှိ၊ မရှိနှင့် ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ကာ သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိပါက ယခုလအတွင်း ပြန်လည်ကျင်းပ နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ ပြိုင်ပွဲရပ်နားထားချိန်တွင် ဟံသာဝတီအသင်းက အမှတ်ပေး ဇယားကို ဦးဆောင်နေပြီး ရာသီအစ တွင် ပြိုင်ပွဲဝင် ၁၂ သင်းရှိသော်လည်း ပြိုင်ပွဲရပ်နား သည့်ကာလတွင် ချင်းယူနိုက်တက်နှင့် ဇွဲကပင် အသင်းတို့ နုတ်ထွက်ခဲ့သောကြောင့် ၁၀ သင်းဖြင့် ဆက်လက် ကျင်းပ မည်ဖြစ်သည်။
ရှိုင်းထက်ဇော်