Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ဩဂုတ် ၆

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ် (၄)ဦးက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌  ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဦးမြစိန်၏ သာကေတမြို့နယ်၊ အမှတ်(၇)၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာ စီမံကိန်း ဆောင်ရွက်စဉ်က ဒဂုံ မြို့သစ် (ဆိပ်ကမ်း)မြို့နယ်သို့  ပြောင်းရွှေ့ခံရသော ပြည်သူများအတွက် လိုအပ်သော စီမံမှုကို အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက အဆိုပါမြေနေရာ သည် လက်ရှိမြို့မြေစာရင်း( Town Land Roll) နှင့် မြို့ကွက်ကျမြေပုံ (Block Map) တို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သန့်ရှင်းရေးဌာန ကျည်စုသုဿာန်မြေ၏ မြေဧရိယာအတွင်း ဝင်ရောက်နေထိုင်ခြင်း သာဖြစ်ပြီး သာကေတမြို့နယ်၊ ရှုခင်းသာ အဆင့်မြင့်အိမ်ရာ စီမံကိန်းအဆင့် (၇)၏ ပြောင်းရွှေ့ချထားမှုမှတ်တမ်းစာရင်း ဇယားတွင် ပါဝင်မှုရှိ၊ မရှိကို  စိစစ်၍ မရရှိနိုင်သည့်အတွက် လတ်တလော မြေစီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၏ မယ်စဲ့မြို့နယ်၌ ကျေးရွာအသီးသီးတွင် လိုအပ်နေသော အမှိုက်သိမ်းဆည်းခြင်းနှင့် သက်ဆိုင်သော ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက  မယ်စဲ့မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည်   ဖွဲ့စည်းပုံအဆင့်(င) အဆင့်ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၆ (ခ) အရ ဝန်ဆောင်ခွန်များ စည်းကြပ်ရာတွင် ဝင်ငွေနှင့် အသုံးစရိတ် မျှတစေရန် ဟု ပြဋ္ဌာန်းထားပါကြောင်း၊  မြို့စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ မယ်စဲ့မြို့နယ် ကျေးလက်ဒေသမှ ဝန်ဆောင်ခွန်ဖြစ်သည့် အမှိုက်သိမ်း ဆည်းခြင်း လုပ်ငန်းအတွက် ဝင်ငွေရရှိခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးဥပဒေအရ ကျေးလက်စည်ပင် သာယာရေးလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်နေပါသဖြင့် အမှိုက်သိမ်းယာဉ်၊  အမှိုက်ပုံးများ ထောက်ပံ့ ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။

အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၏ အင်းတော်မြို့နယ်တွင် သက်မွေး ဝမ်းကျောင်း(ဘက်စုံသုံး) တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အင်းတော်မြို့နယ်ရှိ စက်မှုနှင့် သက်မွေးပညာသင်ယူရန် စိတ်ဝင်စားသည့် လူငယ်များ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ အသစ်ဖွင့်လှစ်မည့် စက်မှုသင်တန်း ကျောင်းအသစ် (မုံရွာ)တွင် တက်ရောက်ခွင့်ရရှိတော့မည်ဖြစ်သည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် အသက်မွေးဝမ်း ကျောင်းပညာသင်တန်းကျောင်းတစ်ခု တည်ဆောက်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်၏ မာန်အောင်ကျွန်းပေါ်ရှိ ကျွန်းပတ်လမ်းပေါ်တွင်ရှိသော တံတားအမှတ် ၁/၂၁ ကမားချောင်းတံတားနှင့် တံတား အမှတ် (၁/၈) သစ်၀ချောင်းတံတားတို့အား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက  မာန်အောင်ကျွန်း ပတ်လမ်းပေါ်ရှိ တံတားနှစ်စင်းဖြစ်သည့် ကမားချောင်းတံတားနှင့် သစ်၀ချောင်းတံတား တို့အား သံကူကွန် ကရစ်တံတားအဖြစ် တည်ဆောက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ခွဲဝေ ရရှိမှုအပေါ် မူတည်၍ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်၏ မြစ်သားမြို့နယ်အတွင်းရှိ ရွာရှည်-ဘုံကွင်းလမ်းကို ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက  အဆိုပါလမ်းသည်  ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၁၀၀၀ ကျော်၊ လူဦးရေ ၉၉၀၀ ကျော်တို့အား အကျိုးပြုသော လမ်းဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် လမ်းအရှည် ၁ မိုင်အား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် လမ်းအရှည် ၁မိုင်အား ကတ္တရာ လမ်းအဖြစ် ဆက်လက်ဆောင် ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊   ရန်ပုံငွေ ခွဲဝေရရှိမှု အပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၏ နှစ်အနည်းငယ်အတွင်း ယိုယွင်းပျက်စီးလာ သည့် အခြေခံပညာကျောင်းများ၏ အရေအတွက်၊ တည်နေရာ၊ ဆောက်လုပ်သော ကုမ္ပဏီ၏ အမည်၊ လိပ်စာနှင့် လုပ်ငန်းမှတ်တမ်းများကို ကောက်ယူ၍ ပြုစု မှတ်တမ်းထားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊  လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ အထည်အလိပ် နည်းပညာကျောင်း များကို တက္ကသိုလ်အဆင့်၊ သိပ္ပံအဆင့်၊ အထက်တန်းကျောင်းနှင့်သင်တန်းကျောင်းများ ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်  လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ လွိုင်လင်မြို့နယ် အတွင်းရှိ ကျေးရွာများ ၌ အခြေခံပညာမူလတန်းကျောင်းများ၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်း ကျောင်း ခွဲများတွင် လစ်လပ်လျက်ရှိသည့် ဆရာ၊ဆရာမ များ ခန့်အပ်တာဝန်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ရှင်းလင်းဖြေကြားသည်။

အလားတူ မူဆယ် မဲဆန္ဒနယ်မှ ဦးစိုင်းဖိုးမြတ်၏ မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်၊ ဖိုင်ကျောင်းကျေးရွာနှင့် မန့်ဟျိုး(မန့်ဟီးရိုး) မြို့၊ နောင်ဟင်ကျေးရွာတို့အား ဆက်သွယ် ပေးမည့် ရွှေလီမြစ်ကူးတံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ မင်းကင်းမြို့နယ်၊ တမူးမှ မုံရွာထိ ကားလမ်းဆောင်ရွက်ရာတွင် လမ်းချဲ့ခြင်း၊ လမ်းဖြောင့်ခြင်းတို့နှင့် မလွတ်ကင်းသည့် မြေယာများအတွက် မြေယာလျော်ကြေးရရန် ကျန်ရှိနေသူများအတွက် မြန်ဆန်စွာ လျော်ကြေးရရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ရှင်းလင်းဖြေကြားသည်။

ယင်းနောက်  ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဒေါက်တာခင်ဆောင်က ပဋိဇီ၀ ဆေးများ ဝယ်ယူထောက်ပံ့ဖြန့်ဖြူးရေး စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ စုံစမ်းလေ့လာမှုအစီရင်ခံစာကို သဘောတူလက်ခံရန်  အဆိုတင် သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြု ကြောင်း ကြေညာသည်။

ထို့နောက် သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း က  ပြည်သူလူထုအတွက် ကောင်းမွန်သည့် ကျန်းမာရေးရလဒ်များဆီသို့ ဦးတည် လျှောက်လှမ်းရာတွင် လူတိုင်းလက်လှမ်းမီ နိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု (UHC) ဖြစ်လာရန်အတွက် ကျန်းမာရေးဆိုင်ရာမူဝါဒ များ ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ကမ္ဘာ့နိုင်ငံများတွင် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကျန်းမာရေးနည်းစနစ်များကို တည်ဆောက်၍ ပန်းတိုင်များသို့အောင်မြင်စွာ  ဆိုက်ရောက်နေသည်ကို တွေ့ရပါ ကြောင်း၊ ကျန်းမာရေးစနစ် အကောင်းဆုံးနိုင်ငံများ လျှောက်လှမ်းခဲ့သည့် ကျန်းမာရေးဆိုင်ရာ စနစ်များကို စံနမူနာယူရန် အရေးကြီးပါကြောင်း၊ UHC သည် လူသားအားလုံးလိုအပ်နေ သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို  ငွေကြေးအခက်အခဲ မရှိခြင်း နှင့် ရောဂါကြောင့် ကျန်းမာရေးစရိတ်ဖြင့် ဆင်းရဲခြင်းတို့မရှိဘဲ လွယ်ကူလျင်မြန်စွာ ရရှိအောင် ဖန်တီးထား သည့်စနစ် ဖြစ်ပါကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် HUC အတွက် တည်ဆောက်ရာတွင် အရေးကြီး သည့် ကျန်းမာရေးဆိုင်ရာဘဏ္ဍာစုဆောင်းပြီး ရေရှည်တည်ငြိမ်သည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေးအတွက် ကြိုတင်ထည့်ဝင်ငွေ အာမခံဖြင့် လွှမ်းခြုံနိုင်ရေးအတွက် လိုအပ်သည့် ဥပဒေ၊ မူဝါဒများ ဆောင်ရွက်သွားနိုင်ရန်အတွက် အဆိုတင်သွင်းရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့် က အဆိုအား ထောက်ခံ ဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူ သဖြင့် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ် ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိ ပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက တင်သွင်းသည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြု ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြု ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေး ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း သဘောမတူဘဲ  ပြည်သူ့ လွှတ်တော်၏ ယခင်အတည်ပြုချက်အတိုင်း ထားရှိရ မည့် အချက် ၅ ချက်ကို တင်ပြပြီး  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထဲရေး ဝန်ကြီး ဌာန၏ သဘောထားရယူပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ထို့နောက်  ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ် တော်နှစ်ရပ် သဘောထားကွဲလွဲသည့် အချက် ၅ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ရယူသင့်ပါကြောင်း အဆို တင်သွင်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  တင်ပြခဲ့သည့်  ၅ချက်နှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင်  ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည် ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော  ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို လက်ခံရရှိ ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး  ဥပဒေကြမ်း ကော်မတီဝင် ဦးဇော်ဝင်းက အစီရင်ခံစာ ဖတ်ကြားတင်သွင်းသည်။

ယင်းနောက် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ သည်။

ဆက်လက်၍  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက တင်သွင်းသည့် မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၇၅ ချက်ကို တင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဩဂုတ် ၂၀ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်