Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေး ပါတီတို့အကြား ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် တရုတ်ကွန်မြူ နစ်ပါတီနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီတို့အကြား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲအခမ်းအနား (CPC in Dialogue with Political Parties of Southeast Asian Countries) သို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ကပ်ရောဂါကာလကြာရှည်ခြင်းသည် ဒေသတွင်း စီးပွားရေး ပြန်လည်နလန်ထူနိုင်ရေးနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေနိုင်သည့်အချက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နေထိုင်မှုပုံစံအသစ်၏ ခွင့်ပြုနိုင်သည့်ဘောင် အတွင်းမှ အတူတကွတိုးတက်အောင်မြင်ရန် နည်းလမ်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားသွားရ မည်ဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် အချိန်အခါသင့်ပြီး ကပ်ရောဂါတုန့်ပြန်တိုက်ခိုက် ရေးနှင့် ဒေသတွင်း စဉ်ဆက်မပြတ် လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် တရုတ် ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို လှုံ့ဆော်ပေးနိုင် မည်ဟု ယုံကြည်ပါကြောင်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအကြားတွင် ကမ္ဘာ့ကုန်သွယ်မှုအများဆုံး လမ်းကြောင်းရှိပါကြောင်း၊ ဒေသတွင်း စဉ်ဆက်မပြတ် အောင်မြင်သောအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို အမှန်တကယ် နားလည်သဘောပေါက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ကာကွယ်ဆေးများအား ချိုသာသော ဈေးနှုန်းဖြင့် တန်းတူညီမျှရရှိရေးသည် အရေး ကြီးကြောင်း၊ နိုင်ငံအားလုံးသည် မျက်မှောက်ကာလနှင့် အနာဂါတ်ကာလတွင် ကြုံတွေ့နိုင် သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများအား ကြံ့ကြံ့ခံနိုင်ရန် ဆက်လက်တည် ဆောက်သွားရန် လိုအပ်ပါကြောင်း။

ဒေသတွင်း စီးပွားရေးပိုမိုကြံ့ကြံ့ခံနိုင်ရန်အတွက် ရင်းနှီးမြုပ်နှံမှုများ စီးဝင်ရေး၊ ပို့ကုန် ဈေးကွက်ဆိုင်ရာ တန်ဖိုးကွင်းဆက်များနှင့် ဒေသတွင်း နိုင်ငံများအတွင်း ကုန်သွယ်မှု စသည့် ကဏ္ဍများကို အလေးပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပိုးလမ်းမစီမံကိန်း ဖွံ့ဖြိုးတိုးတက် ရေးသည် ဒေသတွင်းနိုင်ငံများ၏ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ ထိုမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှု အောင်မြင်ရေးတို့ကိုလည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ အာဆီယံ ဒေသနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အောင်မြင်မှုသည် ဒေသတွင်း နေထိုင်သူနိုင်ငံသား အားလုံးအတွက် အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပါအဝင် အာဆီယံ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ထပ် လောင်း ကတိကဝတ်ပြုအပ်ပါကြောင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဝန်ကြီးဌာနဝန်ကြီး Mr. Song Tao ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ CPC ကော်မတီအတွင်းရေးမှူး Mr. Lu Xingshe၊ အာဆီယံနိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌများနှင့် နိုင်ငံရေးပါတီများမှကိုယ်စား လှယ်များ ပါဝင်ဆွေးနွေးကြသည်။

(သတင်းစဉ်)