Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်လေးပင်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ပဲခူး သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ရေလည်ပရိယတ္တိ စာသင်တိုက် စန္ဒာသူရိယ ဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့ ည ၇ နာရီက ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်း များ ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရေလည်ပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော်အား ဖူးမျှော်ကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရေလည်ပရိယတ္တိစာသင်တိုက် စန္ဒာသူရိယဓမ္မဗိမာန်တော်ကြီး၌ ရေဘေး သင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ရေဘေးသင့် ပြည်သူများအား နှစ်သိမ့်အားပေး စကား ပြောကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ပိန်းဇလုပ်မြို့ ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုရှိ ရေဘေးသင့် အိမ်ထောင်စု(၂၃၀)စု၊ လူဦးရေ (၁၀၆၄)ဦးတို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေကျပ် (၂၂၃၄၄၀၀/-)ကိုလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းမှ ခေါက်ဆွဲခြောက် (၂၃၀၀)ထုပ်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့် နှင့် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးတိုးတို့က နှာခေါင်းစည်း Mask (၂၁၂၈)ခုအား လည်းကောင်း၊ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးနှင့် တိုင်းမီးသတ်တပ်ဖွဲ့မှူးတို့က ဆပ်ပြာတောင့်(၂၃၀)တောင့် အား လည်းကောင်း ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိန်းဇလုပ်မြို့တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း (၂)ခုရှိ ရေဘေးသင့်ပြည်သူများအတွက် ဩဂုတ်လ(၄) ရက်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှလည်း ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၉၂၅၀၀၀) ကျပ်၊ ခေါက်ဆွဲခြောက်(၈၄၉၀)ထုပ်၊ ဆပ်ပြာတောင့် (၈၄၉)တောင့်နှင့် နှာခေါင်းစည်း(၈၅၀၀)ခု တို့အားလည်ကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဆန်(၁၂) အိတ်၊ ဆီ(၅၀)ပိဿာ၊ ခေါက်ဆွခြောက်ဖာ(၁၀)ဖာတို့ အား လည်းကောင်း လာရောက်ထောက်ပံ့ လှူဒါန်းထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သက်လွင် (ညောင်လေးပင်)