စည်းလုံးခြင်းသည် အင်အားဖြစ်သည်။ စည်းလုံးခြင်းဖြင့် အန္တရာယ်ရန်စွယ်မှန်သမျှကို ဖယ်ရှားနိုင်သည်။ စည်းလုံးခြင်းဖြင့် အရာရာကိုတည်ဆောက်နိုင်သည်။ စည်းလုံးခြင်း၏တန်ဖိုးမှာ ကြီးလှပါသည်။ စည်းလုံးခြင်းသည် ကောင်းခြင်းလက္ခဏာ၊ အောင်မြင်ခြင်းအဖုံဖုံဖြစ်စေသည်။ ထို့ကြောင့် စည်းလုံးခြင်းကို ခိုင်မြဲအောင်တည်ဆောက်ကြရသည်။ စည်းလုံးညီညွတ်မှုပြိုကွဲသည်နှင့် မည်သည့်အသိုက်အဝန်းမဆို ပြိုကွဲပျက်စီးခြင်းသို့ ရောက်နိုင်ပေသည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကိုလေ့လာကြည့်လျှင် စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်နိုင်သောကာလများ၌ နိုင်ငံ၏အင်အား တောင့်တင်းခိုင်မာနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတကာအလယ်တွင် ဝင့်ထည်မော်ကြွားစွာ ငွားငွားစွင့်စွင့်နေထိုင်နိုင်ပြီး တိုင်းပြည်မှာလည်း အေးချမ်းသာယာဝပြောကာ ပြည်သူများ စိတ်ချမ်းသာစွာနေထိုင်ကြရသည်။ စည်းလုံးညီညွတ်ရေး လျော့နည်းသောကာလများတွင် တိုင်းပြည်မတည်မငြိမ်ဖြစ်ပြီး စည်းလုံးညီညွတ်မှုပျက်ပြားသောအခါ တိုင်းပြည်ပြိုလဲပျက်စီးခဲ့သည်ကို မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် မြင်တွေ့နိုင်သည်။
မျက်မှောက်ကာလသည် တိုင်းပြည်စည်းလုံးညီညွတ်မှု အားနည်းနေသည်ဟု ဆိုနိုင်ပါသည်။ စည်းလုံးညီညွတ်မှုလျော့နည်းနေချိန်တွင်တိုင်းပြည်ပြိုကွဲစေရန် အတွက် ပြည်တွင်း / ပြည်ပ အမျိုးသားသစ္စာဖောက်များနှင့် နယ်ချဲ့လက်သစ်များက ကြံစည်အားထုတ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့်နိုင်ငံဖြစ်သည့်အပြင် အခြားနိုင်ငံများနှင့်မတူသည့် သယံဇာတပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ယင်းကိုအကြောင်းပြု၍ နယ်ချဲ့လက်သစ်တို့၏ နိုင်ငံရေးအရ သွတ်သွင်းနိုင်ရန်ကြံစည်မှုများနှင့် အမျိုးသားသစ္စာဖောက်များကိုအသုံးချ၍ စည်းလုံးညီညွတ်မှုပျက်ပြားစေရန် လုပ်ဆောင်ခဲ့ကြသည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလတွင် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှု လျော့နည်းလာခြင်းနှင့် မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာ ပျက်ပြားစေရန် အကြောင်းအမျိုးမျိုး ဖန်တီးလာခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုဖန်တီးပြီး ဥပဒေနှင့်မညီသည့် အာဏာရယူရေး ဆောင်ရွက်လာသောကြောင့် တပ်မတော်သည် နိုင်ငံတော်၏ တာဝန်ကို ခေတ္တရယူခဲ့ရသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ဆောင်ရွက်နေသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အရပ်ဘက်၊ စစ်ဘက်ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ထိုကာလတွင် နိုင်ငံရေးအရ ဆူပူမှုများ၊ အကြမ်းဖက်မှုများကို အခြေခံ ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။
အဆိုပါကာလတွင် နိုင်ငံရေးအရ အကျပ်အတည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန် အခက်အခဲများကို အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့၍ စိန်ခေါ်မှုအမျိုးမျိုးကို ကျော်လွှားဖြတ်ကျော်နိုင်ခဲ့သည်။ လက်ရှိကာလတွင် နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ကာလရှည်ကြာနေသည်ဟု ဆိုကြသူများရှိသည်။ ၂၀၁၁-၂၀၂၀ ဒီမိုကရေစီ အစိုးရကာလများတွင် တပ်မတော်နှင့် ပြည်သူအကြား တိုးတက်လာသော ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်း / ပြည်ပမှ မသမာသူများက နိုင်ငံအတွင်း ပြည်သူအချင်းချင်း သွေးကွဲစေရန်အတွက် သွေးထိုးလှုံ့ဆော် ဖန်တီးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အစောပိုင်းကာလများတွင် နယ်ချဲ့လက်သစ်များ မြန်မာနိုင်ငံအပေါ် အကွက်ချ စီမံဆောင်ရွက်နိုင်မှုများနှင့် အချင်းချင်း မညီညွတ်ရေး ဆောင်ရွက်ထားမှုများအရ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ကာလတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ခဲ့သည်ဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီး စားရေရိက္ခာပေါများသည့် နိုင်ငံဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ စိုးရိမ်ဖွယ်ရာဖြစ်ပွားနေချိန်တွင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အလျဉ်မပြတ် ဆောင်ရွက်နိုင်ခဲ့သဖြင့် စားရေရိက္ခာ ဖူလုံလောက် ငလျက်ရှိသည်။ ယခုအခါ နိုင်ငံစီးပွားရေးသည် တိုးတက်ကောင်းမွန်သည့်ဘက်တွင်ရှိနေပြီး တိုင်းပြည် တည်ငြိမ်အေးချမ်း ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ EAO အချို့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူ အချို့၏ တိုက်ခိုက်ဖျက်ဆီးမှုများ ရှိနေပြီး ၎င်းအဖျက်သမားများသည် ပြည်သူများကြားတွင် အကာအကွယ်ယူကာ တိုက်ခိုက် ဖျက်ဆီးနေခြင်းကြောင့် တပ်မတော်နှင့် ပြည်သူ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ နယ်ချဲ့လက်သစ်များနှင့် နယ်ချဲ့လက်ဝေခံ အမျိုးသား သစ္စာဖောက်များက တိုင်းပြည်ပြိုကွဲ ပျက်စီးစေရန်အတွက် အမျိုးမျိုးအဖုံဖုံ ကြံစည် အားထုတ်နေကြသဖြင့် ပြည်သူနှင့်ပြည်သူ၊ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်