ကိုဗစ် -၁၉ ရောဂါကူးစက်ခံရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးကို စတင်တွေ့ရှိခဲ့ရသည့် မတ်လ ၂၃ ရက်နေ့မှ စတင်၍ မတ်လ ၃၀ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း အတည်ပြုလူနာ ၁၄ ဦးအထိ ရှိလာ ခဲ့ပြီဖြစ်သည်။ အစောပိုင်းတွင်အတည်ပြုလူနာ များအဖြစ် အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသည့် နိုင်ငံ များမှ ဝင်ရောက်လာသူများ ကူးစက်ခံလာရခြင်းကို တွေ့ရှိခဲ့ရပြီး မတ်လ ၂၉ ရက်နေ့တွင်မူ ထိုင်းနိုင်ငံမှ ဝင်ရောက် လာသူတစ်ဦးနှင့် ပြည်ပခရီးသွားရောက်ခဲ့ခြင်း မရှိသူတစ်ဦးတို့တွင် ဗိုင်းရပ်စ်ကူးစက် ခံထား ရကြောင်း တွေ့ရှိလာရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်း နိုင်ငံသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ရာခိုင်နှုန်းကျော် အလုပ် လုပ်နေကြသည့် နိုင်ငံဖြစ်သည်။ လုပ်ကိုင်ရသည့် လုပ်ငန်းချင်းတူလျှင်ပင် ပြည်တွင်း အလုပ်အကိုင်များ ထက်လည်း လစာပိုမိုရရှိသည့် အားသာချက်ကြောင့် မြန်မာအလုပ်သမားဦးရေ သုံးသန်းကျော် ထိုင်းတွင် အလုပ် လုပ်နေကြသည့်အနက် တစ်သန်းကျော်တို့မှာ တရားမဝင် အလုပ်လုပ်နေကြသူများဖြစ်ကြသည်။ ထို့အပြင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ ညစ်ပတ်သော အလုပ်၊ အန္တရာယ်များသည့် အလုပ် လူအများစုမလုပ်ချင် သည့် အလုပ်မျိုးများကို လုပ်ကိုင်နေကြရခြင်းလည်းဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ထိုင်းနိုင်ငံသို့ ဝင်ရောက်ကူးစက်လာ ခဲ့ပြီးနောက် ထိုင်းအစိုးရက ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကန့်သတ်တားဆီးပိတ်ဆို့မှုများပြုလုပ်ခဲ့ခြင်း၊ ကောလာ ဟလများကလည်း ပျံ့နှံ့လာခြင်း စသည့်အ ကြောင်းများကြောင့် ထိုင်းရောက် မြန်မာများ မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ပြည်တော်ပြန်ခဲ့ကြရာမှ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားရ သူများပါ ပါဝင်လာပြီး နိုင်ငံအတွင်း ကပ်ရောဂါအသွင်ဖြစ်ပေါ် လာနိုင် သည့် အန္တရာယ်အလားအလာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းတွင် နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသူများကို ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ တိုက်ရိုက်ပြန်ခွင့်ပြုခဲ့သော်လည်း ၎င်းတို့ ဖြတ်သန်းသွားရသည့် လမ်းတစ်လျှောက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့နိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာခြင်းကြောင့် ယခုအခါတွင် ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်လာသူများအား နိုင်ငံတော်အစိုးရက စီစဉ်ပေးထားသည့် သတ်မှတ်နေရာများတွင် ထိန်းချုပ် ကန့်သတ်စောင့်ကြည့်မှု(Quarantine) ကို ၁၄ ရက်ကြာ မဖြစ်မနေပြုလုပ် သွားတော့မည်ဖြစ်သည်။ ကူးစက်မြန်ကပ်ရောဂါတစ်ခုအတွက် သွားလာမှုကန့်သတ်ထိန်းချုပ်ခြင်းကသာ ရောဂါကူးစက်ပျံ့နှံ့မှုကို အထိ ရောက်ဆုံး ဟန့်တားနိုင်ပြီး ရောဂါအစပျိုးချိန် ၁၄ ရက် အတွင်း ရောဂါပေါ်ပေါက်လာပါက ကုသမှုခံယူ နိုင်မည်ဖြစ်သလို ကန့်သတ်ရက်အတွင်း ရောဂါတစ်စုံတစ်ရာ မဖြစ်ပါကလည်း သံသယကင်းစင် စိတ်လန်း ရွှင်စွာဖြင့် ဇာတိရပ်ရွာအိမ်ဂေဟာဆီသို့ ပြန်နိုင်ကြမှာဖြစ်သည်။ ။
လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရက ထိုင်းမှ နောက်ထပ် ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ် ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်မည့်နေရာများ ထပ်မံတိုးချဲ့ စီစဉ် ဆောင်ရွက်နေဆဲဖြစ်သဖြင့် နယ်စပ်ဂိတ် များမှ ပြန်လည် ဝင်ရောက်မည့်သူများကို နောက်ထပ် ရက်သတ္တနှစ်ပတ် စောင့်ဆိုင်းပြီး ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှ ပြန်လည် ဝင်ရောက်ရန် ပန်ကြားချက်ထုတ်ပြန်ထားသည်။ ရောဂါကူးစက် ဖြစ်ပွားနေသည့် နိုင်ငံမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာ သူများ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာ မြင့်မား နေရန် အဓိက လိုအပ်မည်ဖြစ်သလို ၎င်းတို့အား အသွားအလာ ကန့်သတ်ရာတွင် ကြီးကြပ် ဆောင်ရွက် ပေးကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ပေါင်းစပ်ဆောင်ရွက်မှု အားကောင်းခြင်း၊ ဒေသရပ် ရွာနေပြည်သူများ၏ စိတ်စေတနာနှင့် သဒ္ဓါတရား ထက်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ ကောင်းမွန်ခြင်း တို့က ကမ္ဘာ့ကပ်ရေရောဂါ ကာကွယ်ထိန်းချုပ်ရေးအောင်မြင်မှုအတွက် အရေးပါသည့် သော့ချက်များဟု ယုံကြည် မိပါကြောင်း။ ။