နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာများ အသီးသီးရှိကြသည်။ နိုင်ငံမည်မျှတိုးတက်ပြောင်းလဲစေကာမူ မိမိနိုင်ငံ၏ ယဉ်ကျေးမှုစရိုက် လက္ခဏာများကို မဖျက်ကြပေ။ အနောက်နိုင်ငံများသည် ၎င်းတို့ယဉ်ကျေးမှုကို ဖျောက်ဖျက်ပြောင်းလဲခြင်းမရှိပေ။ အရှေ့နိုင်ငံများသည် အနောက်ယဉ်ကျေးမှုကို နှစ်သက်သော်လည်း မိမိယဉ်ကျေးမှုကို ထိန်းသိမ်းလျက်ရှိသည်။ ယဉ်ကျေးမှုပျောက်ပျက်ပါက နိုင်ငံပျက်စီးနိုင်သည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုစရိုက်လက္ခဏာ အစဉ်အလာကြီးမားသည့် နိုင်ငံဖြစ်သည်။ ရှေးအစဉ်အဆက် မိမိတို့၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့ သည်။ ခေတ်ကာလရွေ့လျောပြောင်းလဲခဲ့သော်လည်း မြန်မာတို့၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများကို မဖျောက်ဖျက်ဘဲ ခေတ်နှင့်အညီ တိုးတက်အောင်နေထိုင်လာခဲ့သည်။ သို့သော် အနောက်ယဉ်ကျေးမှုသည် များသောအားဖြင့် လူငယ်များအပေါ် လွှမ်းမိုးလာခဲ့ပြီး ပြီးခဲ့သည့် ငါးနှစ်တာကာလတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။ သာဓကအားဖြင့် ဒီမိုကရေစီအစိုးရ (ဒုတိယသက်တမ်း)ကာလတွင် အခြေခံပညာကျောင်းသင်ခန်းစာများ၌ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေသည့် သင်ခန်းစာများကို ထည့်သွင်းပေးပြီး သရုပ်ပြ သင်ကြားလာကြသည်ကို တွေ့ရမည်ဖြစ်သည်။
အကျိုးရလဒ်မှာ ရိုသေလေးစားတန်ဖိုးထားရမည့် မြတ်ဆရာများ၏ ဂုဏ်သိက္ခာများ ညှိုးနွမ်းလာခဲ့သည်။ အချို့တပည့်များသည် ဆရာ၊ ဆရာမများအပေါ် ဂါရဝတရားများ ပျက်ပြားလာကြပြီး ပြစ်မှားစော်ကားမှုများရှိခဲ့သည်။ မြန်မာတို့၏ အစဉ်အလာကြီးမားသော ယဉ်ကျေးမှုစရိုက်လက္ခဏာများ ချိုးဖဲ့ဖျက်ဆီးခံရသဖြင့် ယနေ့ကာလတွင် ဘာသာ၊ သာသနာနှင့် ဆရာ၊ ဆရာမများအား ပြစ်မှားစော်ကား ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ရှိလာခဲ့သည်။ အစွန်းရောက်နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မြှောက်ပင့်ပေးမှုများ ကြောင့် လူငယ်လူရွယ်များ လမ်းမှားသို့ရောက်ရှိသွားကြပြီး အကြမ်းဖက်သတ်ဖြတ်မှုများအထိ လုပ်ကိုင်လာကြရာ ဆရာ၊ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်း ၄၇ ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရကာ ၂၅ ဦးပျောက်ဆုံးလျက်ရှိသည်။
ဆရာ၊ ဆရာမများသာမက ရဟန်းသံဃာတော်များပါ သတ်ဖြတ်ခံကြရာတွင် အမျိုးဘာသာ၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ အစဉ်အလာကြီးမားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပွားခဲ့သည်ကို စိတ်မကောင်းဖွယ်၊ အံ့အားသင့်ဖွယ် သိရှိရသည်။ မြန်မာ့ယဉ်ကျေးမှုစရိုက်လက္ခဏာများ ယိုယွင်းပျက်ပြားစေသည့် အကြောင်းများ တွင် အွန်လိုင်းမီဒီယာသည် အဓိကဖြန့်ဖြူးရာနေရာဖြစ်သည်။ လူငယ်လူရွယ်များ၏ အဓိကကျသော နယ်ပယ်များပေါ်မှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုကို လွဲမှားစွာအသုံးချလာခဲ့ သည်။ အတုယူအတတ်မြင်တတ်သော လူငယ်လူရွယ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာများကို ချိုးဖျက်ခံရပြီး မိမိတို့ အစဉ်အဆက်တန်ဖိုးထားခဲ့သော ရိုးရာယဉ်ကျေးမှုအစဉ်အလာများအား စောင့်ရှောက်လိုစိတ်များ လျော့ပါးလာခဲ့သည်။
လူငယ်လူရွယ်များသည် အနာဂတ်တာဝန်များကို ပခုံးပြောင်းယူကြရမည့် သူများဖြစ်သည်။ အချို့လူငယ်လူရွယ်များအနေဖြင့် ဘာသာသာသနာ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများကို တန်ဖိုးထားလိုစိတ်နည်းပါးကြပြီး ဖျက်ဆီးမှုများပင် ရှိလာကြသဖြင့် တိုင်းပြည်အနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အစဉ်အလာကြီးမားခဲ့သော ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများ မပျောက်ပျက်စေရန်အတွက် ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ မိဘအုပ်ထိန်းသူများအနေဖြင့် အရွယ်ရောက်ပြီးသည့် လူငယ်လူရွယ်များအား ကိုင်တွယ်ထိန်းသိမ်းရန် မလွယ်ကူသော်လည်း အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်အောင် အလေးအနက်ထား၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပေသည်။
မိဘများသည် မိမိတို့၏သားသမီးများအား “ဆင်စီး၍ မြင်းရံသည်” ကိုသာ မြင်လိုကြသည်။ “ဆင်နင်း၍ မြင်းကန်သည်” ကို မလိုလားကြပေ။ ထို့ကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏သားသမီးများ ဆင်ပေါ်ရောက်စေရန်အတွက် နုနယ်သည့် ငယ်စဉ်ဘဝကတည်းက စိတ်ဓာတ်နှင့် အကျင့်စာရိတ္တများ၊ ယဉ်ကျေးမှုစရိုက်လက္ခဏာများ အားကောင်းစေရန် ပျိုးထောင်ပေးကြရမည်ဖြစ်သည်။ မြန်မာတို့၏ ဘာသာသာသနာနှင့် ယဉ်ကျေးမှုစရိုက် လက္ခဏာတန်ဖိုးများကို ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ဗြဟ္မစိုရ်တရား ခန်းခြောက်၍ ယဉ်ကျေးမှု ဆိတ်သုဉ်းသော ရေခြားမြေခြားတွင် နေထိုင်ကြသော မြန်မာများအနေဖြင့် ပိုမိုသဘောပေါက်နားလည်နေကြပြီဖြစ်သည်။
သို့ဖြစ်ရာ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ၊ ယဉ်ကျေးမှုစရိုက်လက္ခဏာများသည် နိုင်ငံနှင့်လူမျိုးအတွက် အလွန်အရေးကြီး၊ အရေးပါသည့်ကဏ္ဍဖြစ်ရာ မြန်မာတို့၏ အစဉ်အလာကောင်းများ မပျက်ယွင်းစေဘဲ ဆက်လက်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်