Skip to main content

ပြည်သူများ ကျန်းမာရေး သတိပြုဆင်ခြင်နေထိုင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတကာ စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေးအခြေအနေအဖြစ် ဇူလိုင်လ ၂၃ ရက်နေ့က အသိပေးကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအား ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ပိုလီယိုရောဂါနှင့် ကိုဗစ်-၁၉ ရောဂါတို့ကို ထိန်းချုပ် ကာကွယ် တိုက်ဖျက်ရေးကိစ္စများတွင် အသိပေးကြေညာခဲ့သည်။

အာဖရိကတိုက်မှ ဥရောပတိုက်သို့ စတင်ကူးစက်ပျံ့နှံ့လာသော မျောက်ကျောက်ရောဂါသည် ဆေးဘက်ဆိုင်ရာပညာရှင်များ ခန့်မှန်းထားသည့် အခြေအနေမှ ကျော်လွန်ကာ ပုံစံသစ်ဖြင့်ဖွဲ့စည်းပြီး ကမ္ဘာ့နိုင်ငံအများအပြားသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။ ယခုအခါ မျောက်ကျောက်ရောဂါ သယ်ဆောင်လာသူတစ်ဦးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတွင် တွေ့ရှိရခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိပေးထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင်လည်း သတိပြုရမည့် အခြေအနေဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားသည့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်သည်။ မျောက်ကျောက်ရောဂါသည် ယခင်က ဖြစ်ပွားခြင်းမရှိသော နိုင်ငံများတွင် ဖြစ်ပွားလာ၍ သတိပြုရမည့် အခြေအနေဖြစ်သည်။ ရောဂါဖြစ်ပွားမှု ဆန်းစစ်ချက်အရ မြန်မာနိုင်ငံတွင် အဆိုပါရောဂါဖြစ်ပွားခြင်း မရှိသေးသော်လည်း ပြည်ပနိုင်ငံများမှတစ်ဆင့် ဝင်ရောက်ကူးစက်လာနိုင်မှုကို သတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် နယ်စပ်ဒေသများ၌ အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများရှိရာ ယခုအခါ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့တွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားသူအချို့ကို တွေ့ရှိလာရပြီဖြစ်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဆောင်ရွက်နေပြီဖြစ်သည်။

မျောက်ကျောက်ရောဂါကို ပြည်သူများအနေဖြင့် ယခုမှကြားသိလာကြခြင်း ဖြစ်သည်။ အဆိုပါရောဂါသည် ရှေးကာလက မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့ဖူးသည့် ကျောက်ကြီးရောဂါနှင့် အလားသဏ္ဌာန်တူပြီး ကူးစက်မှုမြန်ဆန်သည့် ရောဂါဖြစ်၍ အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်ခဲ့ကြသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါသည် ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ပြန်လည်၍ပင် ခေါင်းထောင်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ လျော့ကျနေပြီဖြစ်၍ ထိန်းချုပ်နိုင်သည့် အနေအထားတွင်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များ နိုင်ငံများတွင် ထပ်မံတွေ့လာရမှုများကြောင့် ဆက်လက် သတိထားနေကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်မှုများသည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများတွင် ဆက်လက်မြင့်တက် ဖြစ်ပွားလျက် ရှိသည်။ အဆိုပါရောဂါ မျိုးဆက်သစ်သည် မူလကိုဗစ်-၁၉ ရောဂါလောက် စိုးရိမ်ဖွယ်ရာ မရှိသော်လည်း နောက်ဆက်တွဲ ကျန်းမာရေးအတွက် စိုးရိမ်မှုမရှိအောင် သတိပြုရမည်ဖြစ်သည်။ ရောဂါမျိုးကွဲသစ်သည် ရောဂါပြင်းထန်မှုနည်းပြီး သေဆုံးမှုမရှိသော်လည်း ကူးစက်မှုနှုန်းမြင့်မားကြောင်း တွေ့ရှိရသဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ မျိုးရိုးဗီဇသစ်ရှာဖွေခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ၌ ရောဂါပိုးတွေ့နှုန်း မြင့်တက်လာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရောဂါထိန်းချုပ်ရေးကို အထူးအလေးထားကာ ဆောင်ရွက်ကြမှသာ ပြည်သူလူထု နေ့စဉ်လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို မထိခိုက်စေမည်ဖြစ်သည်။ ယခုအခါတွင် ရာသီတုပ်ကွေးရောဂါနှင့် မျောက်ကျောက်ရောဂါကာကွယ်ရေး နည်းလမ်းများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် သဘောသဘာဝတူညီသဖြင့် လူတစ်ဦးချင်း လိုက်နာရမည့် ကာကွယ်ရေးစည်းကမ်းများကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ မျောက်ကျောက်ရောဂါသည် အာဖရိကတိုက်၌ စတင်တွေ့ရှိခဲ့ပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် အများဆုံးဖြစ်ပွားခဲ့သည်။ တစ်ခါတစ်ရံတွင် လိင်အင်္ဂါအနာ ဖြစ်ပွားသူများတွင်လည်း တွေ့ရှိရသဖြင့် ထိုရောဂါသည် လူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းမှ ဖြစ်ပွားလေ့ရှိရာ ကိုဗစ်-၁၉ ရောဂါကဲ့သို့ပင် အကာအကွယ်နည်းလမ်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါသည် ဆက်လက်ခေါင်းထောင်နေဆဲဖြစ်ပြီး ကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာသည်။ ယခုအခါတွင် ရောဂါအသစ်အဆန်း မျောက်ကျောက်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့လာပြီဖြစ်၍ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် သတ်မှတ်ထားသော ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ အထူးအလေးထား ဆက်လက်လိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။