နေပြည်တော် ဇူလိုင် ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ပညာ့ဝတီ အိမ်ရာစခန်းသို့ သွားရောက်ပြီး ဝန်ထမ်းများ၏နေထိုင်ရေး အဆင်ပြေစေရေး လိုအပ်ချက်များကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးသည် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၆)မှ တာဝန်ယူဆောင်ရွက်နေသည့် ကန်တော်နဒီဆေးရုံတိုးချဲ့ လေးထပ်လူနာဆောင်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကာ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများ၊ လက်ရှိဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ၂၀၂၂ - ၂၀၂၃ ခုနှစ် ဆောင်ရွက်ရမည့် လျာထားချက် လုပ်ငန်းများကို စီမံချက်ပါအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ လက်ရာသေသပ်ကောင်းမွန်ရေး ဂရုပြုရန်နှင့် ရေ၊ မီး၊ မိလ္လာလုပ်ငန်းများ ဟန်ချက်ညီ တစ်ပြိုင်နက်ပြီးစီးရေး ဆောင်ရွက်ရန်မှာကြားပြီး ကန်တော်နဒီဆေးရုံ ဆောက်လုပ်နေသည့် အဆောက်အအုံ အထပ်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီ မြစ်ကူးတံတား (ရတနာပုံ) တံတားကြံ့ခိုင်မှု အခြေအနေကိုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တံတားကြံ့ခိုင်မှု အခြေအနေများနှင့် ပတ်သက်၍ သတ်မှတ်ခံနိုင်ဝန် တန် ၆၀ ထက် ပိုမိုတင်ဆောင်သည့် စည်းကမ်းမဲ့ တန်ပိုယာဉ်များ ဖြတ်သန်းသွားလာမှု မရှိစေရေး၊ ဧရာဝတီ မြစ်ကြောင်းပြောင်းလဲမှု၊ တံတားရေလယ်တိုင်များ ရေတိုက်စားမှု အခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်ကာ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက်ရန် မှာကြားသည်။
လေလွင့်မှုမရှိစေရေး
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ထုံးဘို - မြစ်ငယ်ဖြတ်လမ်းမှ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးသို့ ဝင်ရောက်သည့် အိုးထုတ်တန်း မီနီတိုးဂိတ်သို့ ရောက်ရှိရာ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာမှုနှင့် လမ်းအသုံးပြုခ ကောက်ခံနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နေ့စဉ်ယာဉ်သွားလာမှု ယာဉ်စီးရေများအတိုင်း လမ်းအသုံးပြုခ ကောက်ခံရာတွင် လေလွင့်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်