Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

ဆက်လက်ပြီး ရှမ်းနီလူမျိုး၊ KIA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခဆိုင်ရာကိစ္စရပ်များကို ထပ်မံတင်ပြလိုကြောင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်း၌ ရှမ်းနီ တိုင်းရင်းသားများ အခြေချ နေထိုင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိပြီးထိုအထဲတွင် ရှမ်းမျိုးနွယ်စုအတွင်း ပါဝင်သော ရှမ်းနီလူမျိုးများလည်း ပါဝင်ကြောင်း၊ ယင်းရှမ်းမျိုးနွယ်စုများသည် တိုင်းနေ(အထက်ရှမ်း)၊ တိုင်းမောဝ်(မောဝ်ရှမ်း)၊ တိုင်းလုံ(ရှမ်းကြီး)စသည်ဖြင့် ရှိကြကြောင်း၊ ယင်းမျိုးနွယ်စုများမှာ အထက်မြန်မာပြည် အင်းတော်ကြီးဒေသ၊ မိုးညှင်းဒေသ၊ မိုးကောင်းဒေသ၊ မြစ်ကြီးနားဒေသ၊ ပူတာအိုဒေသ၊ ဗန်းမော်ဒေသ၊ ကာမိုင်းဒေသ၊ ဝိုင်းမော်ဒေသ၊ ဖားကန့်ဒေသ၊ ဗန်းမောက်ဒေသများ၌ ပျံ့နှံ့နေထိုင်ကြသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ကသာခရိုင်နှင့်ကလေး ခရိုင်အတွင်း၌လည်း နေထိုင်ကြကြောင်း၊ အထင်ကရ ရှမ်းနီစော်ဘွားတစ်ဦးမှာ ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ် ဖြစ်ကြောင်း။

ပင်လုံစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးစဉ်ကတည်းက ထိုစဉ်က ကချင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒူဝါဇော်လွန်းသည် ဗိုလ်ချုပ်အောင်ဆန်းထံတွင် ကချင်ပြည်နယ်ဖွဲ့စည်းရန်နှင့် ယင်းနယ်များပါ ကချင်ပြည်နယ်ထဲထည့်ရန် တောင်းဆိုခဲ့ကြောင်း၊ ပင်လုံစာချုပ် ဖြစ်ပေါ်လာပြီးနောက်ပိုင်း ထိုနယ်မြေများသည် ကချင်ပြည်နယ်ထဲ သို့ပါသွားသည့် နယ်မြေများဖြစ်ကြောင်း၊ ရှမ်းနီလူမျိုးများ နေထိုင်သည့် ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်၊ ဖားကန့်နှင့်တနိုင်းဒေသ စသည့်မြို့နယ်များ ပါဝင်သွားခဲ့ကြောင်း၊ နယ်မြေများကို ပြန်လည်ရရှိရေးအတွက် တောင်းဆိုမှုများလည်း ရှိကြကြောင်း၊ ကချင်ပြည်နယ်ထဲတွင် ဂျိမ်းဖော၊ လော်ဝေါ်၊ ကဇီး၊ ဇိုင်ဝါ၊ လီဆူ၊ ရဝမ်စသည့် ကချင်လူမျိုးစုခြောက်မျိုးစုနှင့် ရှမ်းနီလူမျိုးများဖြစ်သည့် တိုင်းလုံ၊ တိုင်းဆာလိုင်၊ ခန္တီးရှမ်းစသည့် ရှမ်းလူမျိုးစုများလည်းအတူ နေထိုင်ကြကြောင်း၊ ယင်းထဲမှ ကချင်မျိုးနွယ်စုတစ်ခုသည် လက်နက်အားကိုးဖြင့် အခြားကချင်မျိုးနွယ်စုများ အပေါ်သာမက ရှမ်းနီလူမျိုး များအပေါ်တွင်လည်း အနိုင်ကျင့်ဗိုလ်ကျမှုများ ရှိနေကြောင်း၊ ရှမ်းနီဆက်စပ်နယ်မြေများ၌ လူမျိုးကြီးဝါဒနှင့် ဗိုလ်ကျစိုးမိုး အနိုင်ကျင့် ကျင့်သုံးနေကြောင်း၊ ကချင်ပြည်နယ်၌ KIA/ KIO သောင်းကျန်းသူအဖွဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းနီလူမျိုးများကို လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများအပြင် ရှမ်းနီအမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့မှုများ အများအပြားရှိခဲ့ကြောင်း။

ဥပမာအားဖြင့် KIA ၏ ပစ်ခတ်မှုကြောင့် နမ့်ယားရွာရှိ ကျောင်းဆရာမတစ်ဦးဖြစ်သည့် မြရူပါငယ်ကို လက်နက်ကြီးစထိမှန်ခဲ့သည့် ဖြစ်စဉ်၊ ဖားကန့်မြို့နယ် နမ္မဖြစ်အလယ်တန်းကျောင်းမှ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကိုလည်း အတင်းအဓမ္မဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ အမှတ်(၂)ရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ ဇွန် ၄ ရက် ည ၈ နာရီခန့်က PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ်နှစ်စီးနှင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းသုံးလုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ ရှမ်းနီလူမျိုးများကို အကြောင်းမဲ့ သတ်ဖြတ်မှုများအနေနှင့် ၅-၁၀-၂၀၁၅ ရက်နေ့တွင် ကိုထွန်းလွင်၊ ၆-၁၀-၂၀၁၅ ရက်နေ့တွင် ကိုကံဆက်၊ ၂၂-၅-၂၀၁၆ ရက်နေ့တွင် ဒေါ်နန္ဒာလှိုင်၊ ၆-၇-၂၀၂၀ ရက်နေ့တွင် စိုင်းသန့်ဇင်အောင်၊ ၆-၇-၂၀၂၀ ရက်နေ့တွင် စိုင်းဇော်မျိုးဦး၊ ၂-၁-၂၀၂၁ ရက်နေ့တွင် ကိုသိန်းဝင်း(ခ) ဆံရှည်တို့ကို KIA/ KIO အဖွဲ့များက သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းမှာ မိမိတို့သိရသည့် ဖြစ်စဉ်များဖြစ်ပြီး အခြားသောဖြစ်စဉ်များလည်း ရှိသေးကြောင်း။

လက်ရှိကာလ ဇွန် ၂၅ ရက် ညနေ ၇ နာရီခွဲခန့်အချိန်တွင် ကချင်ပြည်နယ် မိုးညှင်းခရိုင်ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာနေ ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ နာယကဖြစ်သည့် ဦးသန်းဖေကို KIA တပ်မဟာ (၉) လက်အောက်ခံ KPDF အဖွဲ့မှ လူငယ် နှစ်ဦးက ဆိုင်ကယ်စီးနင်းမောင်းနှင်ပြီး သေနတ်ဖြင့် ဦးခေါင်းကို သုံးချက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ အလားတူ ဇွန် ၁၉ ရက်တွင် ဗန်းမောက် ရှမ်းနီစာပေယဉ်ကျေးမှု ဒုတိယဥက္ကဋ္ဌ စိုင်းကျန် အောင်(ခ)ဆေးလိုင်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်ပြီး အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ကချင်ပြည်နယ်၌ KIA/KIO အဖွဲ့၏ လက်ဝေခံ PDF များက ပညာရေးကဏ္ဍကို အကြမ်းဖက် တိုက်ခိုက်လျက်ရှိသည့်အပြင် လူနည်းစုတိုင်းရင်းသား လူမျိုးများကိုလည်း နှိပ်စက်ညှဉ်းပန်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဒေသက PDF အဖွဲ့များသည် KIA လက်အောက်ခံဖြစ်သည့်အတွက် ၎င်းတို့၏ လုပ်ရပ်အားလုံးကို တာဝန်ခံရန် အဓိကအကျဆုံးအဖွဲ့ဖြစ်ကြောင်း၊ လူမျိုးရေးပဋိပက္ခသည် ဖြေရှင်းရခက်ကြောင်း၊ မိမိတို့နိုင်ငံ၌တိုင်းဒေသကြီး၊ ပြည်နယ်များတွင် မည်သည့်လူမျိုးစုမှ သီးသန့်နေထိုင်ခြင်း မရှိကြောင်း၊ တိုင်းရင်းသားပေါင်းစုံ နေထိုင်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဖွဲ့များ၌ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်ထားကြောင်း၊ ဥပမာ ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ရှမ်းတိုင်းရင်းသားများနှင့် ဆိုင်သည့် ဝန်ကြီးရှိသကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲတွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသားဝန်ကြီးများရှိကြောင်း၊ လူမျိုးကြီးဝါဒကျင့်သုံးပြီး ကျန်တိုင်းရင်းသားများကို နှိပ်ကွပ်ခြင်းသည် မလုပ်သင့်သည့် အလုပ်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မကြာသေးမီကဖြစ်ပွားခဲ့သည့် ဥကရစ်ထစခန်း ဖြစ်စဉ်ကို ရှင်းပြလိုကြောင်း၊ ဥကရစ်ထစစ်ဆင်ရေးခြေကုပ်စခန်းသည် ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက်စစ်ဆင်ရေး ခြေကုပ်စခန်း တစ်ခုဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းတွင် အခြေပြုပြီးကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စခန်းတစ်ခုသာဖြစ်ကြောင်း၊ ထိုစခန်းကို ဇွန် ၂၆ ရက်မှစပြီး နယ်ဒါးမြ၊ စောစလုံး၊ စောအဲ့စေးဝါး အဖွဲ့များနှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တို့က သာလွန်အင်အားကို အသုံးပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ်အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉-၆-၂၀၂၂ ရက်နေ့ တစ်ရက်တည်းတွင် ရှစ်ကြိမ်တိုင်တိုင် လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဥကရစ်ထစစ်ဆင်ရေးခြေကုပ်စခန်းမှ တပ်မတော်သားများအနေဖြင့် ရဲဝံ့စွန့်စားသည့်စိတ်ဓာတ်ဖြင့် စနစ်တကျ တန်ပြန်ခုခံပစ်ခတ်ခြင်း၊ အထက်ဌာနများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတို့ကို အချိန်ကိုက်နေရာကိုက် ထိရောက်သည့် ပစ်ကူပစ်အားများပေးခဲ့သည့်အတွက် အကြမ်းဖက်သမားများသည် စခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကျအဆုံးများစွာနှင့် ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း မြေပြင်သတင်း၊ ၎င်းတို့ဘက်က တင်ထားသည့် သတင်းများ၊ နယ်စပ်ဒေသ ဒေသခံများဆီက ပေးပို့လာသည့် သတင်းများအရ သိရှိရကြောင်း။

ယင်းပူးပေါင်းအဖွဲ့များ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းကို မည်သို့ခြေကုပ်ယူ တိုက်ခိုက်သည်၊ မည်သို့အသေခံ တိုက်ခိုက်ခိုင်းသည်ကို ဗီဒီယိုဖိုင်တွင် ကြည့်စေလိုကြောင်း၊ ကျေးရွာစာသင်ကျောင်းများ၊ လူနေအိမ်များကို အကာအကွယ်ယူ၍ တိုက်ခိုက်ကြကြောင်း၊ မိမိပြောလိုသည်မှာ နယ်စပ်‌‌ဒေသတည်ငြိမ်အေးချမ်းရေး၊ ကျေးရွာများ တည်ငြိမ်အေးချမ်းရေးကို မည်သူက ဖျက်ဆီးနေသည်ကို လက်တွေ့တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အထောက်အကူပြုနေသည့် သူများကိုလည်း ပုံနှင့်ပြသမည်ဖြစ်ကြောင်း၊ ယင်းတို့ကိုလည်း လက်တွေ့မြင်ရမည် ဖြစ်ကြောင်း၊ တိုက်ပွဲနှင့်ပတ်သက်ပြီး အများအားဖြင့် သေကျေထိခိုက် ဒဏ်ရာရသူများမှာ အများအားဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ လူငယ်၊ လူရွယ်များသာဖြစ်ကြောင်း၊ ၎င်းတို့သေသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်ပြည်သူလူထုသာ သေဆုံးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်အောင် မည်သူကမြှောက်ပေးနေ၊ အလှူခံစားနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။ တိုက်ပွဲတွင် အဘယ့်ကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့၏ လူငယ်၊ လူရွယ်များကို အသေခံခိုင်းနေတာလဲ၊ နောက်ကမြှောက်ပေးနေတာ ဘယ်သူများလဲဆိုသည်ကို တွေ့ရမည် ဖြစ်ကြောင်း။

ထူးခြားချက်တစ်ချက်အနေဖြင့် ယခင်က တပ်မတော်စခန်းများကို တိုက်ခိုက်သည့်တိုက်ပွဲများထက် ယခုတိုက်ပွဲတွင် ထူးခြားသည်မှာ ကျည်နှင့်ခဲယမ်းများ များများစားစား အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းလက်နက်ခဲယမ်းများ ဘယ်ကရသလဲ၊ မိုးပေါ်က ကျလာတာတော့ မဟုတ်ကြောင်း၊ ပေးမှ သို့မဟုတ် ဝယ်မှရမည်ဖြစ်ကြောင်း၊ ထိုသို့ လက်နက်ခဲယမ်းများရနေသမျှ တိုက်ပွဲများမှာ ဖြစ်နေဦးမည်သာ ဖြစ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နေဦးမည် သာ ဖြစ်ကြောင်း၊ မိမိတို့ လက်နက်၊ ခဲယမ်းများ မထောက်ပံ့ပေးပါဟု ပြောနေသည်များရှိကြောင်း၊ ၎င်းတို့ကို ပြန်မေးလိုသည်မှာ “ဒါဆိုဘယ်ကရနေသလဲ” ဟူ၍ဖြစ်ကြောင်း၊ တိုက်ပွဲများတွင် သေကျေဒဏ်ရာရသူများကို ဆေးရုံပို့နေသည့် ပုံများလည်းတွေ့ရမည် ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့ကို အသုံးချနေသည်၊ ချကျွေးနေသည်၊ သေတွင်းပို့နေသည်ကို သတိရှိကြရန် လိုသည်ဟု စေတနာထားပြီးပြောလိုကြောင်း။

ထို့ကြောင့် လမ်းမှားရောက်နေသည့် CDM ဝန်ထမ်းများ၊ လူငယ်၊ လူရွယ်များကို လက်ခံရေး စခန်းများဖွင့်ပြီး ပြန်လည်ဖိတ်ခေါ်ရန် ဆောင်ရွက်နေကြောင်း၊ ကြေညာချက်ထုတ်ခဲ့ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ လမ်းမှား‌ရောက်နေသူများအနေဖြင့် မိမိတို့ကို အသုံးချနေသည်ကို သိမြင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဖိတ်ခေါ်နေချိန်တွင် ပြန်လည်ဝင်‌ရောက်ရေး ဆက်သွယ်ဆောင်ရွက်သွားကြပါဟု စေတနာဖြင့် တိုက်တွန်းလိုပါကြောင်း၊ သက်ဆိုင်သူ အားလုံးကလည်း ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးပါဟု ပြောလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့် အကြောင်းအရာများအနေဖြင့် (က) ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင်ရွက်မှု အခြေအနေ၊ (ခ) မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများ ဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ-၇ ပါ ပြဋ္ဌာန်းချက်အရ “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဖြစ်ရာ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် ရွေးကောက်ပွဲ များကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရန်လိုအပ်ပါကြောင်း၊ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ အရ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်ရှိသည်” ဖြစ်ရာ ထိုအခွင့်အရေးကို မှန်ကန်စွာ ကျင့်သုံးဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများသည် မည်သည့်နှောင်ကြိုး၊ ဖိအား၊ ခြိမ်းခြောက်၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် အာမခံထားရှိပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် အမှတ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယခင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးများသည် အရေးကြီးသည့် အခြေခံလိုအပ်ချက်များဖြစ်ကြောင်း။ 

လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် ဌာနဆိုင်ရာများ အပါအဝင် သက်ဆိုင်သူ အားလုံးသည် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းမွန်စွာသိရှိပြီး တိကျစွာလိုက်နာရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ပါကလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူခြင်းခံရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှု များနှင့် စပ်လျဉ်းပြီး အသေးစိတ်ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ မဲဆန္ဒရှင်တစ်ဦးကဖြစ်စေ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုနှင့် တရားမဲ့ပြုကျင့်မှုများ ကျူးလွန်ပြီးပါတီတစ်ခု သို့မဟုတ် ကိုယ်စားလှယ်လောင်းတစ်ဦး အသာရအောင် သို့မဟုတ် နစ်နာအောင် ဆောင်ရွက်ပါက လိုအပ်သောအရေးယူမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို အရေးယူရာတွင်လည်း ကျူးလွန်သည့် ပြစ်မှုအမျိုးအစားနှင့် ညီမျှသည့်ပြစ်ဒဏ်များ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် စပ်လျဉ်းပြီး လိမ်လည်စွပ်စွဲ တိုင်တန်းပါက အနည်းဆုံးသုံးလမှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ခြင်းခံရမည့်အပြင် ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ချမှတ် ခံရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခြင်း ပျက်ပြားရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ အားထုတ်ကြိုးပမ်းခြင်း၊ ကျူးလွန်အားပေးကူညီခြင်းတို့ ဆောင်ရွက်ပါက ထိရောက်ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးကိုလည်း ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ အထူးတင်ပြ လိုသည်မှာ အချိုးကျကိုယ်စားပြုစနစ်(PR)စနစ်ဖြင့် ကျင်းပမည့် နောင်ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက်ယှဉ် ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ၊ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုဖြစ်စေ တရားမဲ့ပြုကျင့်မှုကြောင့် ကန့်ကွက်လွှာတင်သွင်းခြင်းခံရပြီး ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်အရ ရွေးကောက်တင်မြှောက်ခံရခြင်းမှ ပျက်ပြယ်ကြောင်း အတည်ပြုဆုံးဖြတ်ပါက ယင်းပါတီရရှိခဲ့သည့် အဆိုပါမဲဆန္ဒနယ်၏ ဆန္ဒမဲရလဒ်များကို ပယ်ဖျက်ခံရမည်ဖြစ်သောကြောင့် တရားမဲ့ပြုကျင့်မှုများ မဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန် ဆောင်ရွက်ခဲ့ကြသူများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေကို တင်ပြမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ရွေးကောက်ပွဲဥပဒေနှင့် အရေး ယူဆောင်ရွက်ခဲ့သည့်အမှု ၅၄၆ မှု ရှိခဲ့ပါကြောင်း၊ ထိုအမှုများနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိ သည့် စာရင်းဇယားများအရ တရားစွဲတင်ပြီး ၃၄၅ မှု၊ ပိတ်သိမ်းမှု ၂၀၀ နှင့် ဥပဒေအကြံပြုချက် တောင်းခံဆဲတစ်မှု ဖြစ်ပါကြောင်း။ အလားတူ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသည့် နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဟောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဟောင်းနှင့်အဖွဲ့ဝင်များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင် နိုင်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ အပါအဝင် ကျူးလွန်သူ ၄၈၉ ဦးကို အမှုတွဲ ၃၆၄ ခုဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး တရားစွဲဆိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျူးလွန်သူ ၁၇၀ ကို အမှုတွဲအရေအတွက် ၁၃၇ မှု ဖြင့် တရားစွဲဆိုခဲ့ရာတွင် ပြစ်ဒဏ်ချမှတ်ပြီး ၅၈ မှု နှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၇၉ မှု ဖြစ်ပါကြောင်း။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာဝန်များကို စနစ်တကျ ကြီးကြပ် ကွပ်ကဲရန် ပျက်ကွက်ခဲ့သည့် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ပေါင်း ၂၄၁၇ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကျူးလွန်သူ ၂၁၇၃ ဦးကို အမှုတွဲအရေအတွက် ၃၇၃ ခု နှင့် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး ၃၆၉ မှုနှင့် ပြစ်ဒဏ် ချမှတ်ရန်ကျန်လေးမှု ဖြစ်ပါကြောင်း။

ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက အနီးကပ် ကြပ်မတ်ကွပ်ကဲဆောင်ရွက်လျက် ရှိပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားပြီး အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)ကို အခြေခံပြုစုထားသည့် စာရင်းတို့ကိုရယူပြီး တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဆောင်ရွက်ပြီး ၂၁၈ မြို့နယ်၊ ဆောင်ရွက်ဆဲ မြို့နယ် ၉၀ နှင့် ဆောင်ရွက်ရန် ကျန် ၁၇ မြို့နယ် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်မြို့နယ်များကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဌာနများက ရရှိသည့် အခြေခံလူဦးရေ စာရင်းသည် ရှစ်သန်းခန့်ရှိရာ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ များပြားသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ပြည်ထောင်စုနယ်မြေအပါအဝင် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များက ကော်မရှင်ရုံးဝန်ထမ်းများကို ရန်ကုန်မြို့တွင် စုစည်းပြီး ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေများပြားသည့် မြို့နယ်များအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ဇွန် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနသင်တန်းကျောင်းတွင် ဆောင်ရွက်နေသည့် မှော်ဘီမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့၏ အခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစင်တာတွင် ဆောင်ရွက်နေသည့် ရွှေပြည်သာ မြို့နယ်နှင့်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၏ အခြေခံလူဦးရေစာရင်းကို မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါကြောင်း။

အလေးထားတင်ပြလိုသည်မှာ မဲစာရင်းပြုစုရာတွင် ရယူအခြေခံရမည့် သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခု၏ စာရင်းများပြည့်စုံ မှန်ကန်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ အလားတူ ပြည်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများကို ဥပဒေနှင့် အညီ ပြုစုခြင်းနှင့် စိစစ်ခြင်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာပြီး နောက် မဲစာရင်းများ ကပ်ထားကြေညာသည့်အခါတွင် မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုပြီး ဥပဒေနှင့်အညီ မဲစာရင်းတွင် မိမိအမည်မပါပါက ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါသင့်သူများပါနေပါက ကန့်ကွက်ခြင်း၊ မှားယွင်းမှုရှိပါက ပြင်ဆင်ခြင်းများ ဆောင်ရွက်ခြင်း၊ တစ်နည်းအားဖြင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ ပြည့်စုံမှန်ကန်သည့် မဲစာရင်း များရရှိရေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။ အလားတူ ယခင် ရွေးကောက်ပွဲအတွေ့အကြုံနှင့် ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲ စနစ်နှင့်အညီ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ ပြည်သူလူထုနှင့်မဲဆန္ဒရှင် အသိပညာပေးနိုင်ရေးအတွက်လည်း ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် လူသားအရင်းအမြစ် ဖြည့်တင်းရေး၊ လေ့ကျင့်ရေးနှင့် အခြေခံအဆောက်အုံများတည်ဆောက်ရေး ဆောင်ရွက်ခြင်း၊ စစ်ဆေးကြပ်မတ် ခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လုပ်ငန်းစဉ် (၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့် အညီဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။

(ဆက်လက်ဖော်ပြပါမည်)