Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ သို့တက်ရောက်

နေပြည်တော် ဇွန် ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (16th ADMM) သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့နှင့်အတူ တက်ရောက်ကြသည်။

အစည်းအဝေးမစတင်မီ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့သည် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတီးဘန်း (General Tea Banh) က အဖွင့်အမှာစကားပြောကြား၍ အစည်းအဝေးကို စတင်ဖွင့်လှစ်သည်။

ထို့နောက် အစည်းအဝေးအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုတင်သွင်းသည့် သဘောထားအမြင်စာတမ်းများဖြစ်သည့် နယ်စပ်ဖြတ်ကျော် ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးတွင် အာဆီယံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မှုဆိုင်ရာ သဘောထားအမြင် စာတမ်း၊ အာဆီယံငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ အမျိုးသမီးတပ်ဖွဲ့ဝင်များအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ် မြှင့်တင်ခြင်းဆိုင်ရာ သဘောထား အမြင်စာတမ်းနှင့် အာဆီယံကာကွယ်ရေးဆိုင်ရာ ပညာရေးကျောင်းများ၏ ပူးပေါင်းဆောင်ရွက်မှု ထူထောင်ခြင်းဆိုင်ရာ သဘောထားအမြင်စာတမ်းနှင့် စင်ကာပူနိုင်ငံမှ အဆိုပြုတင်သွင်းသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအောက်ရှိ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် ဗဟိုဌာနဆိုင်ရာ ရည်ညွှန်းကိုးကားစာစောင်များကို သဘောတူအတည်ပြုကြသည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုတင်သွင်းသည့် အရှေ့တောင်အာရှပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုရေးနှင့် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ၏ ပင်လယ်ရေကြောင်း လုံခြုံရေးနယ်ပယ်တို့အကြား သတင်းအချက်အလက်မျှဝေမှု မြှင့်တင်ရေးဆိုင်ရာဆွေးနွေးမှုစာတမ်းနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကိုတိုးမြှင့်ရန် စစ်သမိုင်းကို ပုံဖော်ဆောင်ရွက်မှုပြုခြင်း ဆွေးနွေးမှုစာတမ်းတို့ကိုလည်း အသိအမှတ်ပြုကြသည်။

ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုတင်သွင်းသည့် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေးကို အထောက်အကူပြုသည့် ကာကွယ်ရေးကဏ္ဍ၏ အခန်းကဏ္ဍဆိုင်ရာ ဖနောင်ပင်အမြင်အား အတည်ပြုခြင်းနှင့် ဟန်ချက်ညီလုံခြုံရေးအတွက် ပေါင်းစည်းညီညွတ်မှုခိုင်မာစေမည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို အတည်ပြုထုတ်ပြန်ခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်အား ဖနောင်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် သွားရောက်တွေ့ဆုံ ဂါဝရပြုကြသည်။

ထို့နောက် ဆက်စပ်အစည်းအဝေးများအနေဖြင့် အာဆီယံ-ဂျပန် ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၊ အာဆီယံ-တရုတ် ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော ရုပ်သံအစည်းအဝေးများကို ဆက်လက်ကျင်းပပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်းဟေ (We Fenghe)၊ ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီး ကီရှိနိုဘူ (KISHI Nobuo)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

အစည်းအဝေးများ တက်ရောက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်၍ မြန်မာသံရုံး၊ စစ်သံရုံးတို့မှမိသားစုဝင်များ၊ ကမ္ဘောဒီးယားနိုင်ငံတွင် ခမာဘာသာ စကားသင်တန်း တက်ရောက်နေသည့် မြန်မာသင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)၊ ဗိုလ်မှူးချုပ် သူရလှမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ည ၈ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

အဆိုပါ (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်း အဝေးသို့တက်ရောက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ပါဝင်ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံနှင့် တပ်မတော်၏ သဘောထားရပ်တည်မှုနှင့် အကောင်အထည်ဖော်နေမှုများ၊ အာဆီယံဒေသတွင်း ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှု ကိစ္စရပ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုနှင့် ရပ်တည်မှုကို ဖော်ပြဆွေးနွေး နိုင်ခဲ့ကြောင်း၊ ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အမြင်များကို ပူးပေါင်းဖလှယ်ခွင့်နှင့် ဆွေးနွေးခွင့်များရရှိစေပြီး အခြားအာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဖော်ဆောင်နိုင်ခြင်းတို့ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)