Skip to main content

ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ တတိယအကြိမ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ တတိယအကြိမ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက သမားရိုးကျစိုက်ပျိုးထုတ်လုပ်မှုမှ သုတေသနရလဒ်များကိုအခြေခံသည့် ခေတ်မီဆန်းသစ်သောနည်းပညာများ အသုံးပြုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လျက်ရှိကြောင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းပညာများ လိုအပ်နေသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်မည့် နည်းပညာများလည်း ဖော်ထုတ်ပေးရန်လိုကြောင်း။

သုတေသနပညာရှင်များအနေဖြင့် လေ့လာဆောင်ရွက်နေသော လယ်ယာကဏ္ဍဆိုင်ရာ သုတေသနလုပ်ငန်းများနှင့်အတူ ခေတ်မီဒီဂျစ်တယ်နည်းပညာများ၊ အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာရပ်များကိုလည်း မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) သို့ ရောက်ရှိစေရေးအတွက် လက်ရှိစွမ်းအားဖြင့် လုပ်ဆောင်နိုင်သည့်ပမာဏမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက တတိယအကြိမ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က  ခန်းမအတွင်းခင်းကျင်းပြသထားသည့် သုတေသနဖော်ထုတ်ချက် ပိုစတာများနှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာသည်။

ယခုကျင်းပသည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ဇွန်လ ၂၃ ရက် မှ ၂၄ ရက်အထိ (၂)ရက်ကြာ ဖတ်ကြားတင်ပြကြမည်ဖြစ်ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်တို့မှ စာတမ်းရှင်များက စာတမ်းအစောင်ရေ (၈၃)စောင်နှင့် ပိုစတာ (၁၃)စောင်ကို ဖတ်ကြားတင်ပြကြမည်ဖြစ်ကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လျက်ရှိကြသည့် သုတေသန နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ လေ့လာသူများက ရှု့ထောင့်ပေါင်းစုံမှသုံးသပ်မှုများ၊ မေးမြန်းအဖြေရှာမှုများဖြင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)