နေပြည်တော် ဇွန် ၁၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနရှိ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဘွဲ့ရမောင်မယ် များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အကျိုးရှိစွာအသုံးချ
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဘွဲ့ရမောင်မယ်များကို အမှာစကားပြောကြားရာတွင် ယခု ဘွဲ့နှင်းသဘင် အခမ်းအနား၌ မဟာအင်ဂျင်နီယာ ဘွဲ့ခြောက်ဦး၊ အင်ဂျင်နီယာပညာဘွဲ့ ၅၃ ဦး၊ ရေကြောင်းသိပ္ပံ (ဂုဏ်ထူး) ဘွဲ့ ၁၄ ဦး၊ ရေကြောင်းသိပ္ပံဘွဲ့ သုံးဦးနှင့် ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၇၂ ဦး၊ စုစုပေါင်း ၁၄၈ ဦးတို့ကို သက်ဆိုင် ရာဘွဲ့အသီးသီး အပ်နှင်းသွားမည် ဖြစ်ကြောင်း၊ ရေကြောင်း ပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံတိုင်း၏ ကုန်သွယ်စီးပွားရေး၊ သယ်ယူပို့ဆောင်ရေးတွင် သာမက ကမ္ဘာလှည့်ခရီးသွားကဏ္ဍနှင့် အခြားသော နိုင်ငံတော်စီးပွားရေးကို အထောက်အကူပြုသည့် ကဏ္ဍများအတွက်လည်း အလွန်အရေးပါကြောင်း၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အစဉ်ဖွံ့ဖြိုး တိုးတက် နေစေရန်အတွက် လိုအပ်လျက်ရှိသည့် ပညာရှင်များကို မွေးထုတ်ပေးလျက်ရှိရာ ၂၀၀၇ ခုနှစ်မှ စတင်၍ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားများ စတင်ဆောင်ရွက်ခဲ့ရာ ယခု ဘွဲ့နှင်းသဘင် အပ်နှင်းသည့် ကာလအထိ ဘွဲ့ရကျောင်းသား ကျောင်းသူ ၄၂၈၅ ဦး၊ ဘွဲ့လွန် ဒီပလိုမာ ကျောင်းသား ကျောင်းသူ ၁၀၆၈ ဦး စုစုပေါင်း ၅၃၅၃ ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်ရေး (Maritime Trade)သည်ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသလို နိုင်ငံတော် စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ပင်လယ်ရေကြောင်းကတစ်ဆင့် သယ်ဆောင်ပေးနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် အတွက် ပင်လယ်ရေကြောင်းကဏ္ဍ အခြေခံအဆောက်အဦများ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း၊ ခေတ်မီနည်း ပညာများကို ထိရောက်အကျိုးရှိစွာ အသုံးချခြင်း၊ ကျွမ်းကျင်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်းတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီး ပါကြောင်း၊ မိမိနိုင်ငံတော်နှင့် လူမျိုးကို ချစ်မြတ်နိုးသည့် စိတ်၊ မိမိနိုင်ငံ၏ ရေမြေကိုစောင့်ထိန်းကာကွယ်လိုသည့် စိတ်ထားများရှိရန် လိုအပ်ကြောင်း၊ တက္ကသိုလ်ကြီးမှ သင်ကြားပေးလိုက်သည့် စာပေပညာများကို အသုံးချပြီးလက်တွေ့ဘဝ နယ်ပယ်တွင် အောင်မြင်သည့် နိုင်ငံ့သားကောင်းများဖြစ်စေရေး ကြိုးပမ်း ထမ်းဆောင်ကြရန် ဖြစ်ကြောင်း၊ အထူးသဖြင့် အစဉ်သင်ယူနေကြရသည့် လူ့ဘောင်အဖွဲ့အစည်း (Learning Society)မှာ မိမိတို့အနေဖြင့် အစဉ်လေ့လာ သင်ယူနေသူများ (Life Long Learner) ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ဝင်းအတွင်းရှိ ဘတ်စကက်ဘောကွင်း တည်ဆောက်ပြီးစီးမှု၊ Recreation Center ပြန်လည်ပြုပြင်မွမ်းမံထားမှု၊ ဘောလုံးကွင်း ပြုပြင်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် သန်လျင် (ပျဉ်ထောင် ကျောင်း) ရှိ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနတို့၏ ဂြိုဟ်တုဆက်သွယ်ရေး မြေပြင်စခန်း (သန်လျင်)နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း GMDSS ရေဒီယိုစခန်းများသို့ ရောက်ရှိပြီး စခန်းအတွင်း တပ်ဆင်ထားရှိသည့် ဂြိုဟ်တုဆက်သွယ်ရေး စက်ပစ္စည်းတို့ကို ကြည့်ရှုစစ်ဆေး ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား သတ်မှတ်ထားသည့် SOP (Standard Operation Procedure) များနှင့်အညီ စနစ် တကျ ဆောင်ရွက်ကြရန်နှင့် ဆက်သွယ်ရေး ဆက်ကြောင်း များ အစဉ်ကောင်းမွန်စေရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် e-Government Disaster Recovery Data Center တည်ဆောက်မည့် နေရာနှင့် တည်ဆောက်မည့် အစီအစဉ်တို့ကို သွားရောက်စစ်ဆေးပြီး လုပ်ငန်းများ အမြန်စတင်နိုင်ရေး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြည့်မီစေရေးတို့အား အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၏ တံတားပေါင် အလုပ်ရုံ၊ ယန္တရားအလုပ်ရုံ(မလွှကုန်း)နေရာ ရောက်ရှိပြီး ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့် တင်ရေး စီမံကိန်းအောက်မှ ဝယ်ယူထားသည့် စက်ယန္တရားများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ ရောက်ရှိပြီး စက်ရုံဝင်းအတွင်းရှိ ဂျပန်နိုင်ငံမှရောက်ရှိလာသည့် DEMU တွဲဆိုင်းသစ်များအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တွဲဆိုင်းပါစက်ခေါင်း၊ တွဲအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တွဲဆိုင်းပါ စက်ခေါင်းနှင့် တွဲများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်