နေပြည်တော ဇန်နဝါရီ ၇
ဥပဒေအရာရှိအဆင့်-၃မွမ်းမံသင်တန်းအမှတ်စဉ်(၃၂) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု ရှေ့နေချုပ်ရုံး တိုင်းဒေသကြီး/ ပြည်နယ်နှင့်မြို့နယ်ဥပဒေရုံး အဆင့်ဆင့်တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဦးစီးအရာရှိများ/ မြို့နယ် ဥပဒေ အရာရှိများ အနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းတာဝန်များကို အောင်မြင် စွာထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ မွမ်းမံသင်တန်းများအား ဖွင့်လှစ်ပို့ချခြင်းဖြစ် ကြောင်း၊ သင်တန်းတွင် တရားစွဲအမှုလိုက် ဘာသာရပ်အပြင် ရုံးလုပ်ငန်းဆိုင်ရာကိစ္စ၊ စီမံရေးရာကိစ္စ၊ ငွေစာရင်းနှင့် ဘတ်ဂျက် ဆိုင်ရာ ကိစ္စရပ်များနှင့် Legal English ဘာသာရပ်တို့ကိုစာတွေ့၊ လက်တွေ့ သင်ကြား ပို့ချမည်ဖြစ် ပါကြောင်း၊ ဥပဒေအရာရှိ များသည် တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံဉာဏ်ပေးခြင်း၊ အမှု လိုက်ပါဆောင်ရွက် ခြင်း၊ အမှုရုပ်သိမ်းခြင်း၊အမှုပိတ်သိမ်းခြင်း၊ အယူခံမှု၊ ပြင်ဆင်မှုတင်သွင်းခြင်းကိစ္စ များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလများအတွင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလား တူ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများကတောင်းခံသည့် ဥပဒေအကြံဉာဏ်များ ကို မှန်မှန် ကန်ကန် အကြံပေး နိုင်ရန် လိုအပ်ပါကြောင်း၊ ဥပဒေအရာရှိများသည်တရားလို၏ ထိခိုက်နစ်နာ ဆုံးရှုံးမှု များကို ဥပဒေဘောင်အတွင်းမှဖြေရှင်းပေးရသည့် နည်းတူတရားခံတစ်ဦး၏ ရသင့် ရထိုက်သည့် အခွင့်အရေး မဆုံးရှုံးစေရေးကိုလည်း ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ဆွေးနွေးပို့ချသည့် ဘာသာရပ်များ ကိုမှတ်သားပြီး သင်တန်းကာလကို အကျိုးရှိအောင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကိုရက်သတ္တ ၄ ပတ်ကြာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)