Skip to main content

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က (၇၃)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း အမှာ စကား ပြော ကြားသည်။

ယင်းနောက် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ၊ ဆပ်ကော်မတီ အသီးသီး တို့နှင့် ဆက်သွယ်ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့်အဖွဲ့ဝင်များက လုံခြုံရေး၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သဝဏ်လွှာပြုစုရေး၊ ဘဏ္ဍာရေး၊ ဖိတ်ကြားရေးနှင့်နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ အလံတင်အခမ်းအနားစီစဉ်ရေး၊ မြေစိုက် ပိုစတာများ စိုက်ထူရေး၊ ညစာစားပွဲဖျော်ဖြေရေး၊ ကျန်းမာရေး၊ ညစာစားပွဲခင်းကျင်းကျွေးမွေးရေး၊ စာရင်း စစ်ဆေးရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ပြန်ကြားရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပြီးစီးမှု များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၀ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီ များက ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)