ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်း လောင်စာများမှာ အကန့်အသတ်ရှိသော သယံဇာတများ ဖြစ်သည့်အလျောက် တစ်ချိန်ချိန်တွင် ကုန်ခန်းသွားမည်ဖြစ်သည်။ လူသားကမ္ဘာကြီး နေ့စဉ်ရှင်သန်လှုပ်ရှားမှုတွင် စွမ်းအင်ကို မဖြစ်မနေသုံးစွဲနေရခြင်းဖြစ်ရာ ကုန်ခန်းသွားမည်ဖြစ်သည့် ရုပ်ကြွင်းလောင်စာ စွမ်းအင်များ၏ နေရာတွင် အစားထိုး စွမ်းအင်များကို ရှာဖွေနေကြရသည်။ တစ်ဖက်တွင်လည်း ရုပ်ကြွင်းလောင်စာများသုံးစွဲရာမှ ထွက်ပေါ်လာသည့် မှန်လုံအိမ်ဓာတ်ငွေ့ များကြောင့် ကမ္ဘာ့အပူချိန်တိုးမြင့်လာပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အတွက် ရုပ်ကြွင်း လောင်စာသုံးစွဲမှုများကို လျှော့ချရန် ကြိုးပမ်းလာကြသည်။ ဥရောပနိုင်ငံအချို့တွင် လာမည့်နှစ်အနည်းငယ်အတွင်း ဒီဇယ်၊ ဓာတ်ဆီအင်ဂျင်ကားများ ထုတ်လုပ်မှုကို ရပ်ဆိုင်းကာ လျှပ်စစ်ဘက်ထရီအင်ဂျင်ကားများ ထုတ်လုပ်သုံးစွဲ သွားရန် ဆောင်ရွက်နေပြီဖြစ်သည်။ လျှပ်စစ်ရထားများကိုမူ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် သုံးစွဲခဲ့ကြခြင်းဖြစ်သည်။
‘‘ယခုအခါ ခေတ်ကာလအရ နိုင်ငံတကာတွင် မီးရထားများကို လျှပ်စစ်ဓာတ်အားအသုံးပြု၍ ပြေးဆွဲနေကြသဖြင့် မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း’’ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၂၇ ရက်နေ့တွင် မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြောကြားခဲ့ပြီး ‘‘တစ်နိုင်ငံလုံး လျှပ်စစ်စက်ခေါင်းများဖြင့် ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)အနေဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစ၍ သုတေသနပြု ထုတ်လုပ်ပြီး ယင်းမှတစ်ဆင့် အဆင့်မြှင့် တင်ခြင်းနှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။
မိမိတို့နိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သော်လည်း နိုင်ငံအတွက် လိုအပ်သည့် စက်သုံးဆီများကို ပြည်ပမှ တင်သွင်းနေရသည့် နိုင်ငံဖြစ်သည်။ ရေနံသည် မဟာဗျူဟာမြောက် ပစ္စည်းတစ်ခုဖြစ်သည့်အလျောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေများအပေါ်လိုက်ကာ ရေနံဈေးနှုန်း အတက်အကျဖြစ်သည့်အခါ မိမိတို့နိုင်ငံသည်လည်း ရိုက်ခတ်ခံရသည်။ ထို့အပြင် မြန်မာနိုင်ငံသို့ ပြည်ပမှ အများအပြား တင်သွင်းရသည့် ကုန်စည်များထဲတွင်စက်သုံး ဆီကလည်း တန်ဖိုးပမာဏ ကြီးမားစွာပါဝင်သည်။ ခရီးသည်နှင့် ကုန်စည်ပမာဏအများအပြား သယ်ယူပို့ဆောင်ပေးနိုင်သော ရထား၊ ဘတ်စ်ကားနှင့် ကုန်တင်ကားများကို လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ သုတေသနပြုခြင်းတို့မှာ နိုင်ငံ၏အနာဂတ်နှင့် ရေရှည်အကျိုးစီးပွား အတွက် ဆောင်ရွက်သင့်သည့်၊ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများပင်ဖြစ်သည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအားကို နိုင်ငံအတွင်း ရရှိနိုင်သည့် အရင်းအမြစ်များမှနေ၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး နည်းလမ်းများဖြင့် ထုတ်လုပ်သွားရန်လည်း လိုအပ်သည်။ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးကို အနှောင့်အယှက်ရှင်းရှင်း၊ အဖျက်အဆီး ကင်းကင်းဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်သည်နှင့်အမျှ လျှပ်စစ်ကား၊ လျှပ်စစ်ရထားနှင့် လျှပ်စစ်မီးထိန်ထိန်ညီးသည့် မြို့ရွာများဟူသည် စိတ်ကူးအိပ်မက်သက်သက်မျှသာမဟုတ်ဘဲ ဧကန်မုချပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။