Skip to main content

မူဆယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများ စတင် လဲလှယ်ပေး

မူဆယ် ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများကို ယနေ့ နံနက်(၉)နာရီတွင် မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ စတင်လဲလှယ်ပေးပြီး လာရောက်လဲလှယ်သူများပြားကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မူဆယ်ခရိုင်ဘဏ်ခွဲမှ သိရသည်။

“ဒီနေ့ နံနက်ပိုင်းကနေ စတင်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဒီဇိုင်းအသစ်ကျပ်တစ်ထောင်တန်ငွေစက္ကူကို ပြည်သူတွေလက်ထဲကို စတင်ဖြန့်ဝေပေးနေတာဖြစ်ပါတယ်၊ ပြည်သူလူထုတွေကလည်း နံနက်အစောပိုင်းကနေ စတင်ပြီးတော့ လာရောက်လဲလှယ်နေကြပါတယ်၊ လာရောက်လဲလှယ်သူတိုင်းကိုလည်း အဆင်ပြေချောမွေ့အောင် လဲလှယ်ပေးနေပါတယ်၊ လာရောက်လဲလှယ်သူတွေလည်း အရမ်းများပါတယ်”လို့ မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ မူဆယ်ခရိုင်ဘဏ်(ခွဲ)၏ ခရိုင်မန်နေဂျာဦးစိုင်းစိုးနိုင်က ပြည်သူလူထုများက ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်တန် ငွေစက္ကူများကို အဆင်ပြေချောမွေ့စွာ လဲလှယ်ပေးပုံကို ပြောကြားသည်။

မူဆယ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို လဲလှယ်ပေးပြီး ငွေစက္ကူအသစ်ကိုင်ဆောင်နိုင်သည့်အတွက် ပြည်သူလူထုများလည်း ဝမ်းမြောက်ပျော်ရွှင်နေကြသည်။ “ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ တစ်ထောင်တန် ငွေစက္ကူအသစ်ကို ကိုင်ဆောင်သုံးစွဲနိုင်ပြီဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်နေပါတယ်၊ လေးစားထိုက်တဲ့ ခေါင်းဆောင်ကြီးရဲ့ ပုံကိုထုတ်ဝေတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်၊ ကိုယ့်နိုင်ငံအတွက်လည်း ဂုဏ်ယူမိပါ တယ်”လို့ မူဆယ်မြို့သို့ မြန့်မာ့စီးပွားရေးဗဟိုဘဏ်သို့ လာရောက်လဲလှယ်သူ မနီနီချိုက ဝမ်းမြောက်ဂုဏ်ယူကြောင်းကို ပြောကြားသည်။

“ဒီနေ့ဆိုရင် မြန်မာနိုင်ငံရှိ ပြည်သူလူထုတွေအတွက် မင်္ဂလာရှိတဲ့နေ့ရက်ဖြစ်ပါတယ်၊ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံကို ကျွန်တော်တို့ လက်ဝယ်မှာ ကိုင်ဆောင်သုံးစွဲခွင့်ရပြီဖြစ်ပါတယ်၊ ကျွန်တော်ရဲ့ ကြည်နူးဝမ်းမြောက်မှုကတော့ ပြောမပြတတ်အောင်ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ပိုက်ဆံကို ကျွန်တော်တို့ သုံးစွဲခွင့်မရှိတာ နှစ်ပေါင်းသုံးဆယ်ကျော်ပြီလို့ ကျွန်တော်ထင်ပါတယ်၊ ခုတော့ ဗိုလ်ချုပ်ပုံပါတဲ့ တစ်ထောင်တန်ကို သုံးစွဲနိုင်ပြီဖြစ်တဲ့အတွက် အများကြီးဝမ်းသာကြည်နူးမိပါတယ်”လို့ မူဆယ်မြို့၊ လူမှုကရုဏာအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဗိုလ်ချုပ်ပုံပါငွေစက္ကူကို ထုတ်ဝေခြင်းအပေါ် ဝမ်းသာကြည်နူးကြောင်းကို ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများကို နံနက်ပိုင်းအချိန်မှ လာရောက်စောင့်ဆိုင်းပြီး လဲလှယ်သူများပြားသည့်အတွက် လာရောက်လဲလှယ်သူတိုင်းအဆင်ပြေချောမွေ့စေရန်အတွက် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် လဲလှယ်ပေးသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှ စတင်ပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားများ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအသစ်များကို ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)