နေပြည်တော် မေ ၁၅
(၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ကို ၂၀၂၂ ခုနှစ် မေ ၁၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ Conrad Hotel Bali ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့သည်။
အစည်းအဝေး ဒုတိယနေ့နံနက်ပိုင်း ပထမပိုင်းအစီအစဉ်အဖြစ် ပထမအကြိမ် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများအစည်း အဝေးကို “လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစနစ်ဖြစ်ထွန်းရေး ကျန်းမာရေးစနစ်တောင့်တင်းခိုင်မာစေရန်ဆောင်ရွက်ရေး” “Strengthening Health System for Sustainable Universal Health Coverage and Health Security for Resilient Health Systems” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားရာတွင် ခိုင်မာသောကျန်းမာရေးစနစ်သည် နိုင်ငံတိုင်းအတွက် အရေးကြီးပါကြောင်း၊ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုများရယူရာတွင် ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ကုသရခြင်းများကို လျှော့ချနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ICT နည်းပညာအသုံးပြု၍ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစနစ်(Universal Health Coverage) ရရှိစေရေး အချိန်တိုဆောင်ရွက်နိုင်ခဲ့သော ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံများအား အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့မျှဝေမည်ဟု ယုံကြည်ပါကြောင်း၊ အဆိုပါနိုင်ငံများအချင်းချင်းအတွေ့အကြုံများကိုမျှဝေခြင်းအားဖြင့် အာဆီယံ၏ Caring and sharing community နှင့် ညီညွတ်မည်ဖြစ်ပါကြောင်းပြောကြား၍ ပထမအကြိမ် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာစာတမ်းအား အတည်ပြုထုတ်ပြန်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယနေ့နံနက်ပိုင်း ဒုတိယပိုင်းအစီအစဉ်အဖြစ် (၉)ကြိမ်မြောက် အာဆီယံ+ ၃ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို “ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများတွင် ကျန်းမာရေးအရင်းအမြစ်များ ကောင်းမွန်စွာအသုံးချနိုင်ရေး” “Optimizing theMobilization of Essential Health Resources in responding to Public Health Crisis” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားရာတွင် ပြည်သူ့ကျန်းမာအရေးပေါ်အခြေအနေများသည် မကြာခဏဖြစ်ပွားလျက်ရှိရာ ကျန်းမာရေးစောင့်ရှောက်မှုအရင်းအမြစ်များဖြစ်သည့် ကျန်းမာရေးလူ့စွမ်းအားများ၊ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ၊ ကျန်းမာရေးဘတ်ဂျက်များ လုံလောက်မှုမရှိခြင်း အစရှိသည့် အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊ အဆိုပါအခြေအနေများတွင် အကန့်အသတ်ရှိသည့် ကျန်းမာရေးအရင်း အမြစ်များအား အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်ဆက်စပ်ကဏ္ဍအသီးသီး၏ စုပေါင်းအင်အားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်နိုင်ရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါများတုံ့ပြန် ဆောင်ရွက်ရာတွင် ကူးစက်ရောဂါများနှင့် ပတ်သက်သည့်သတင်း အချက်အလက်များ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးအရင်းအမြစ်များ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ခြင်းအစရှိသည်တို့မှာ အရေးကြီးပါကြောင်း၊ ပြည်သူများကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရေးအတွက် အနာဂတ်စိန်ခေါ်မှုများနှင့်အခွင့်အ လမ်းများကို ထိရောက်စွာအသုံးပြု၍ ဒေသတွင်းနိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား၍ (၉)ကြိမ်မြောက် အာဆီယံ+၃ ကျန်းမာရေးဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာစာတမ်းအား အတည်ပြုထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ လက်ထောက်အတွင်းဝန်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်