နေပြည်တော် မေ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျားကုန်းကျေးရွာသို့ ရောက်ရှိကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူ များနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ မီးလင်းရေး၊ ရေရရှိရေး၊ လမ်း/တံတား များနှင့် အသက်မွေး ဝမ်းကျောင်းသင်တန်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးနေကြောင်း၊ သမဝါယမဦးစီးဌာန အနေဖြင့် ကျေးရွာများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့စနစ် အောင်မြင်ဖြစ်ထွန်းရေး၊ အရင်းအနှီးရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကျေးရွာသူကျေးရွာသားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ သင်ကြားပို့ချပေးနေပြီး ဦးစီးဌာနသုံးခု ပူးပေါင်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ ကျေးရွာသူကျေးရွာသားများကလည်း မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင် အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး ဒေသခံပြည်သူများ၏ လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးသို့ ရောက်ရှိပြီး ဒေသဦးစီးဥက္ကဋ္ဌနှင့်တွေ့ဆုံကာ ပင်းတယမြို့နယ် ကျားကုန်း ကျေးရွာအား ခေတ်မီ စံပြကျေးရွာ (Smart Village) အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကလောမြို့နယ် အင်းပက်လက် ကျေးရွာသို့ ရောက်ရှိကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ၈ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ပြီးစီးမှုနှင့် အင်းပက်လက်ကျေးရွာ အပါအဝင် နန်းပလန်၊ သရက်ပြား၊ သစ်အယ်ပင်နှင့် ဘော်ဆုံ ကျေးရွာငါးရွာရှိ အိမ်ခြေ ၈၅၀၊ လူဦးရေ ၃၈၉၈ ဦးအတွက် အကျိုးပြုစေမည့် စုပေါင်းရေပေးရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ် မြောက်မြေခြားကျေးရွာသို့ ရောက်ရှိပြီး မြောက်မြေခြားကျေးရွာနှင့် တောင်ပတ်ကျေးရွာရှိ အိမ်ခြေ ၁၉၀၊ လူဦးရေ ၇၆၃ ဦးအတွက် အကျိုးပြုစေမည့် စုပေါင်းရေပေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ကျေးရွာနှစ်ရွာအတွက် တွင်းနက်ပေ ၃၃၀ တူးဖော်ပြီးစီးမှု၊ မြောက်မြေခြားကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေလည်ပတ်မှု အခြေအနေနှင့် အတိုးရငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။
သတင်းစဉ်