နေပြည်တော် ဧပြီ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ရန်ကုန်တွင်ဖွင့်လှစ် ပို့ချသည့် နွေရာသီ ကျောင်းပိတ်ရက် (၁) လသင်တန်းဖြစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြား ပေးသော ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးများ၊ မသန်စွမ်းသင် တန်းကျောင်းများမှ ကျောင်းအုပ်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သူများက အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးလိုအပ်ချက်ရှိသော ကလေးများကို လေ့ကျင့်သင်ကြားပေးရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် မသန်စွမ်း သက်ငယ်သင်တန်းကျောင်း (၂)ကျောင်းကို ဖွင့်လှစ်ထားပါကြောင်း၊ အထူးသဖြင့် ဉာဏ်ရည် မသန်စွမ်းကလေးများ၏ ဖွံ့ဖြိုးမှုနယ်ပယ်(၅)ရပ်ဖြစ်သော ရုပ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ ဘာသာစကားနှင့် ဆက်သွယ်မှုပိုင်း၊ စိတ်ခံစားမှုပိုင်း၊ လူမှုဆက်ဆံရေးပိုင်းများကို လေ့ကျင့် သင်ကြားပေးသည့်အပြင် နေ့စဉ်လုပ်ငန်းဆောင် တာများကို ကလေးများကိုယ်တိုင် လုပ်ကိုင် တတ်စေရန် သင်ကြားပေးလျက်ရှိပါကြောင်း၊ အထူးလိုအပ်ချက်ရှိသော ကလေးများကို လေ့ကျင့်သင် ကြားပေးနေသော ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် အရည်အသွေးများသည် အမှန်တကယ် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အသွေးများ ရရှိစေရန်၊ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ယနေ့ဖွင့်လှစ်သော သင်တန်းသည် အမှန်တကယ် အကျိုးရှိပါကြောင်း၊ ယခုနွေရာသီ ကျောင်းပိတ်ရက် (၁)လသင်တန်းသည် မိမိတို့ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များကို အောင်မြင်စေရန် ဆောင်ရွက်သင့်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ မသန်စွမ်းကလေးများ၏ ဖွံ့ဖြိုးတိုး တက်မှုများကို တာဝန်ယူဆောင်ရွက်ပေးနေကြသော ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအနေဖြင့် ယခုသင်တန်းကို အခွင့်အရေးတစ်ရပ်ကဲ့သို့ တန်ဖိုးထားမှတ်ယူပြီး ကြိုးစားလေ့လာ သင်ယူကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက သင်တန်းသား/သူ များအား တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပါသည်။ သင်တန်းကို ဧပြီ ၂၀ ရက်မှ မေ ၁၃ ရက်အထိ (၁) လ တာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် မသန်စွမ်းသင်တန်းကျောင်းများနှင့် မူလတန်းကြို ကျောင်း များမှ သင်တန်းသား/သူ စုစုပေါင်း (၄၀) ပါဝင်တက် ရောက်ကြမည် ဖြစ်သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး အတွက် ကျန်ရှိဒေသများတွင် အစုအဖွဲ့များဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းများ နှင့်ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော တိုင်းဒေသကြီး (၄)ခုမှ တိုင်းဦးစီးမှူးများနှင့် စေတနာ့ဝန်ထမ်း(၄၀)တို့က Virtual ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးရှိ သတ်မှတ်အသက်အရွယ် ဦးတည်အုပ်စုများ အလိုက် သတ်မှတ်အကြိမ်ပြည့် ဆေးထိုးနှံနိုင်ရေး လုပ်ငန်းစဉ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလကုန်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ပူးပေါင်းပါဝင် ကူညီခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ အားလုံးကိုလည်း နိုင်ငံတော်အစိုးရနှင့် ပြည်သူများ ကိုယ်စား အထူးပင် အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မိမိဒေသများရှိ မိဘညီအစ်ကို မောင်နှမများ၊ ပြည်သူများ အသက်ရှင်သန်ရေးနှင့် ကပ်ရောဂါဆိုးမှ ခံနိုင်ရည်ရှိစွာ ကျော်လွှားနိုင် ရေးအတွက်ဆိုသည့် စိတ်ထားဖြင့် ရာနှုန်းပြည့် ဆေးထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ အားဖြည့်ပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။
၎င်းနောက် တက်ရောက်လာကြသော ဖိတ်ကြားထားသည့် တိုင်းဒေသကြီး(၄)ခုမှ လူမှုဝန်ထမ်း ဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ က မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေမှု၊ အားသာချက်/ အားနည်းချက်များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)