“သမိုင်းသင်တာ မအအောင်”ဆိုသည့် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာ သန်းထွန်း ဆိုစကားကို မှတ်သားမိကြမည်ဖြစ်သည်။ ဆရာကြီး၏ဆိုစကားသည် လူ့ဘောင်လောကတစ်ခုလုံးအတွက် သတိပေးနှိုးဆော်ချက်ပမာဖြစ်သည်။ သမိုင်းမသိလျှင် အအနှင့်တူသည့်အလား အကျိုးအကြောင်းအဆိုးအကောင်းကို ဘာမျှမသိသည့် “သူများယောင်လို့ယောင် အမောင်တောင်မှန်းခြောက်မှန်းမသိ။ အရှုံးသမားသဖွယ်ဖြစ်နေပေမည်။ သမိုင်းသည် လူ့ဘောင်လောကတွင် အလွန်အရေးပါသည့် ပညာရပ်ဖြစ်ပြီး သမိုင်းကြောင်းဆိုင်ရာ ကိစ္စအဝဝတို့ကို လေ့လာမှတ်သားထားသင့်ပါသည်။
မျက်မှောက်ကာလတွင် သမိုင်းဘာသာရပ်အား လေ့လာလိုက်စားမှုနည်းပါး လာသည်ကိုတက္ကသိုလ်သမိုင်းဘာသာရပ် ဝင်ခွင့်လျှောက်ထားမှုတွင် သိသာစွာ တွေ့မြင်နိုင်ပါသည်။ လူတို့အနေဖြင့် လတ်တလောရေပန်းစားရာ၊ အလုပ်ဖြစ်ရာ ဘာသာရပ်များကိုသာ ဦးစားပေး၍ လေ့လာလိုက်စားကြရာသမိုင်းဘာသာရပ်တွင် စိတ်ဝင်စားမှုနည်းပါးလာပါသည်။ ပြင်ပလောကတွင် မူပို၍ပင် လေ့လာမှုနည်းပါး လာပါသည်။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်များနှင့် လူကြီးသူမပညာရှိများက သမိုင်းကိုလေ့လာကြရန်၊သိရှိကြရန် ဆောင်ရွက်နေရပါသည်။ လောကလူ့ဘောင် တွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ကာလသုံးပါးရှိရာ အတိတ်မှအကြောင်း အရာများကို သင်ခန်းစာယူ၍ ပစ္စုပ္ပန်တွင် ပြုပြင်ပြောင်းလဲဆောင်ရွက်ကာ အနာဂတ်ကိုပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် လူ့ဘောင်လောကတိုးတက်အောင် ဆောင်ရွက်နေကြပါသည်။
သမိုင်းကြောင်းနောက်ခံကို သိရှိမှတ်သားရန်နှင့်စပ်လျဉ်း၍ “အမြင်ကျယ်ပြန့်စွာဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင်နိုင်ရေးအတွက် သမိုင်းကြောင်း နောက်ခံအကြောင်းအရာများကို သိရှိရန်လိုအပ်ပြီး နောက်ခံအကြောင်းအရာများကို မသိရှိပါက ရှေ့ဆက်လက်လုပ်ဆောင်ရမည့် မျှော်မျှော်မှန်းချက်၊ ရည်မှန်းချက်များကို မှန်ကန်စွာ ချမှတ်နိုင်မည်မဟုတ်သဖြင့် နောက်ခံသမိုင်း အကြောင်းအရာများကို သိရှိရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော် ကာကွယ် ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား မှာကြားခဲ့သည်။
အထူးသဖြင့် မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိနားလည်ကြရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် တည်တံ့ခိုင်မြဲသော ရေမြေပိုင်နက် နယ်နိမိတ်တည်တံ့ခိုင်မြဲသော နိုင်ငံဖြစ်ပေသည်။ ပုဂံခေတ်မတိုင်မီ ဘီစီ ၉၂၅ မှ အေဒီ ၉၄ ခုအထိ ပျူမြို့ပြနိုင်ငံများ အထင်အရှားရှိခဲ့ပြီး ယင်းတို့ကို လေ့လာခြင်းအားဖြင့် နိုင်ငံ၏ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့ပုံကို သိရှိကြရမည်ဖြစ်သည်။ ပျူခေတ် ကာလ ပြီးဆုံးပြီးနောက်တွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းသုံးပါးသည် ဘုန်းလက်ရုံးကြီးမားခဲ့ပြီး နိုင်ငံတော်အား အခိုင်အမာ တည်ဆောက်ရာတွင် အင်အားကြီးမား၍ စွမ်းရည်ထက်မြက်သော တပ်မတော်များကို အခြေပြုလျက် တည်ထောင်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရရှိပြီးကာလနှင့် မျက်မှောက်ကာလများတွင် နိုင်ငံတော်ကြီး ဆက်လက်အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်နိုင် ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာ့သမိုင်းကြောင်းသည် ခက်ခဲကြမ်းတမ်းသော်လည်း စည်းလုံးညီညွတ်မှု၊ ရဲစွမ်းသတ္တိရှိမှု၊ အမြော်အမြင်ရှိသည့် ခေါင်းဆောင် များ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်မှုများကို သိရှိနားလည်ထားရန်လိုအပ်ပါသည်။ သမိုင်းကြောင်းအဆက်ဆက်မှ မြန်မာတို့၏ မြင့်မားသောယဉ်ကျေးမှုများနှင့် စွမ်းရည်သတ္တိ၊ လက်ရုံးရည်နှလုံးရည် တို့သည် အတုယူမှတ်သားဖွယ်ရာများဖြစ်သည်။ ယင်းတို့ကို သိရှိထားကြခြင်းဖြင့် ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်ဓာတ်များ ထက်သန်လာပြီး နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်မျိုးဆက်များကကြိုးပမ်း ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ အရာရာတွင် အမြင်ကျယ်စွာဖြင့် စဉ်းစားတွေးခေါ် လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် သမိုင်းကြောင်းနောက်ခံအကြောင်းအရာများကို သိရှိနားလည်နိုင်ရန် လေ့လာကြရမည်ဖြစ်သည်။ အစဉ်မပြတ် လေ့လာဆည်းပူးခြင်းဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနှင့် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အခြေအနေတို့ကို နှိုင်းယှဉ်လေ့လာသုံးသပ်ဆင်ခြင်နိုင်ပြီး နိုင်ငံတော်၏ အနာဂတ် ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း။ ။
အယ်ဒီတာ့အာဘော်