Skip to main content

ရေနှင့်မီးကို မဖြုန်းတီးဘဲ

စနစ်တကျ ချွေတာသုံးစွဲ နေ့စဉ်လူမှုဘဝများတွင် ရေနှင့်မီး(လျှပ်စစ်)တို့က မရှိမဖြစ် အရေး ကြီးသည်။ သန့်ရှင်း၍ ဘေးကင်းသည့်သောက်သုံးရေနှင့် လျှပ်စစ် မီးတို့ကို မိမိတို့နိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသအသီးသီးတို့ရှိ အိမ်ထောင်စုများအားလုံး သုံးစွဲခွင့်မရရှိသေး။ အိမ်တိုင်း၊ မိသားစုတိုင်း သောက်သုံးရေရရှိရေးနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ကြိုးပမ်းနေရဆဲအခြေ အနေတွင်သာ ရှိသေးသည်။ သို့ရာတွင်ရေနှင့်မီးတို့ အိမ်တိုင်ရာရောက် သုံးစွဲခွင့်ရရှိနေသူတို့မှာမူ တန်ဖိုးထားရကောင်းမှန်းမသိဘဲ လေလွင့်ပြုန်းတီးမှုများစွာဖြင့် သုံးစွဲ နေကြဆဲဖြစ် သည်။ ရေနှင့်မီးကို စနစ်တကျသုံးစွဲရေး၊ ချွေတာ သုံးစွဲရေးသည် ခြောက်သွေ့ရာသီ ဝင်ရောက်လာသည်နှင့်အမျှ ပို၍လိုအပ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါများသည့် နိုင်ငံဖြစ်သည့် အလျောက်မြန်မာလူမျိုးတို့၏အမြင်တွင် ရေသည်အပေါများဆုံးသော အရာဝတ္ထုအဖြစ် ရှုမြင်သည့်အကျင့်က စွဲနေသည်။ စင်စစ်အားဖြင့်မူ လူတို့ ဘေးကင်းစွာ သောက်သုံးနိုင်သည့် သန့်ရှင်းသောရေသည် ထင်သလောက်မပေါများသည့်အတွက် တန်ဖိုး ထားအပ်ပြီး စနစ်တကျသုံးစွဲရန်လည်း လိုအပ်သည်။ ကမ္ဘာကြီးသည် ရေကမ္ဘာကြီးဟုဆိုရလောက် အောင်ကုန်းမြေထက် ရေများကဖုံးလွှမ်းနေသော်လည်း၉၈ရာခိုင်နှုန်းဖြစ်သောပင်လယ်ရေများသည် သောက်သုံး၍မရဘဲ ၂ ရာခိုင်နှုန်းမျှသာရှိသော ရေချိုကို သောက်သုံးနေကြရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေကို နိုင်ငံအတွင်းရှိ အိမ်ထောင်စု များ၏ ၄၁ ဒသမ ၄ ရာခိုင်နှုန်းကသာ သုံးစွဲခွင့်ရရှိနေသည်။ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေဆိုသည်မှာ ရောဂါပိုးမွှားကင်းစင်ပြီး ကောင်းမွန်သော ရေအရင်းအမြစ်မှ အချိန်မရွေး လက်တစ်ကမ်းတွင် ရနိုင်သောရေဖြစ်သည်။ အိမ်ထောင်စုများ၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းသည် မြစ်များ၊ ချောင်းများ၊ ဆည်များ၊ တူးမြောင်းများ၊ ကန်များ စသည့် မြေပေါ်ရေများကို သုံးစွဲနေ ကြရသည်။

ဆည်တမံများမှရေကို ဓာတ်အားထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးတို့အတွက် သုံးစွဲကြရာတွင် ခြောက်သွေ့ ရာသီရောက်လာ သည်နှင့်အမျှသိုလှောင်ထားသည့် ရေပမာဏလျော့နည်းလာ ချိန်တွင်ရေကို ချိန်ညှိသုံးစွဲရန် လိုအပ်လာသည်။ နွေရာသီတွင် ဓာတ်အားသုံးစွဲမှုပမာဏ ပိုမိုများပြားလာပြီး နွေစပါးကဲ့သို့သော စိုက်ပျိုးသီးနှံများ အတွက်လည်း ရေပေးဝေရန် လိုအပ်ချက်ရှိရာ ရေသုံးစွဲသူတို့ အလေအလွင့်မရှိ သုံးစွဲခြင်းဖြင့်သာအဆင်ပြေ နိုင်မည်ဖြစ်သည်။

မီး (လျှပ်စစ်ဓာတ်အား)သည်လည်းမလိုဘဲ မသုံးရန်၊ မဖြုန်း တီးရန်၊ စနစ်တကျသုံးစွဲရန်၊ ချွေတာသုံးစွဲရန်လို အပ်သည်။ ဓာတ်အားခ တစ်ယူနစ်ဈေးနှုန်းများ မြင့်တက်လျက်ရှိခြင်းကလည်း ချွေချွေတာတာသုံးစွဲကြရန် တွန်းအားတစ်ရပ်ပင်ဖြစ်သည်။ ဓာတ်အားမဖြုန်း၊ ချွေတာသုံးခြင်းဖြင့် မိသားစုအတွက်လည်း စရိတ်သက်သာ၊ နိုင်ငံအတွက်လည်း အကျိုးဖြစ်ထွန်းစေသည်။ လျှပ်စစ်ချွေတာရေးနည်းလမ်းများကို နိုင်ငံပိုင်မီဒီယာများက မကြာမကြာဖော်ပြ၍ အသိပညာပေးလျက်ရှိသည်။ လူမရှိ သည့်အခန်းများ၌ မီး၊ ပန်ကာ၊ အဲယားကွန်းတို့ ပိတ်ထားရန်၊ လူမကြည့်သည့်တီဗွီများပိတ်ရန်၊ လျှပ်စစ်ပစ္စည်းများသုံးစွဲမှု တတ်နိုင်သလောက်လျှော့ချရန်၊ LED မီးချောင်း၊ မီးလုံးများပြောင်းလဲသုံးစွဲရန်၊ ရေပိုက်များပွင့်မနေစေရန် (ရေမော်တာ ခဏခဏ မောင်းမနေရစေရန် အတွက်) စသည်ဖြင့် စနစ်တကျ သုံးရန်၊ မဖြုန်းရန် ဆော်ဩလိုသည်။

ခြောက်သွေ့ရာသီမှသည် နွေရောက်လာသည်နှင့်အမျှ ရေနှင့်မီးတို့ ပို၍သုံးစွဲရန် လိုအပ်လာမည်ဖြစ်သည်။ သို့ရာတွင် ဆည်တမံများ၌ ရေလျော့နည်းမှုနှင့်အတူ ဓာတ်အားထုတ်လုပ်မှု လျှော့ချရသည့်ကာလလည်းဖြစ်ရာ ရေနှင့်မီးတို့ကို စနစ်တကျ သုံးစွဲကြရေး၊ ချွေတာသုံးစွဲကြရေးအတွက် လူတိုင်းအိမ်ထောင်စုတိုင်းက လိုက်နာဆောင် ရွက်ခြင်းဖြင့် မိသားစုအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်ကြပါစေကြောင်း။ ။

(မြန်မာ့အလင်းအယ်ဒီတာ့အာဘော်)