Skip to main content

လူငယ်နှင့်စာပေပွဲတော်သို့ တက်ရောက်လာသူအချို့၏ ရင်တွင်းစကားသံများ

နေပြည်တော် ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး နှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန် ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ လျက်ရှိသည်။

အဆိုပါ ပွဲတော်ကြီးတွင် အသိပညာ ဗဟုသုတရဖွယ် ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသထားပြီး ဖျော်ဖြေရေး အစီအစဉ်ကောင်းများလည်း ထည့်သွင်းထားရာ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပွဲတော်ကြီးတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြသူနှင့်တွေ့ဆုံ၍ ရင်းတွင်းစကားသံများကို ရေးသားဖော်ပြလိုက်ရပါသည်။

ဦးရဲတင့် (ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန)

အခုကျင်းပနေတဲ့ လူငယ်နှင့်စာပေ ပွဲတော်ဆိုတာ အရင်က လူငယ်စာပေ ပွဲတော်ဆိုပြီး ပြန်ကြားရေးဝန်ကြီး ဌာနက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ စာပေပွဲတော်ကနေ လူငယ်တွေကို စာပေတင်မကပဲ အားကစား၊ နည်းပညာနဲ့ အခြားကဏ္ဍတွေကနေ အထွေထွေ အတွေ့အကြုံဗဟုသုတတွေ ရရှိအောင် နာမည်ကို လူငယ်နဲ့ စာပေပွဲတော်လို့ ပြောင်းလိုက်တာပါ။ လူငယ်တွေအတွက် ဒီအချိန်မှာ အရေးကြီးတာက အသိပညာ၊ အတတ ်ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ တွေအပြင် ကျန်းမာသန်စွမ်းဖို့နဲ့ ဗလငါးတန်ပြည့်စုံဖို့ လိုတယ်ဆိုတဲ့ အသိစိတ် ကို ထည့်ပေးချင်တဲ့အတွက် ဒီပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်။

အခုပွဲတော်မှာ စာအုပ်စာပေ ပြခန်းတွေကတစ်ဆင့် စာပေဟာ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို လူငယ် တွေကို သိစေချင်ပါတယ်။ စာပေကနေ အသိပညာ ဗဟုသုတတွေရမယ်။ ကျောင်းစာအပြင် တခြားစာပေတွေ ကိုလည်း လေ့လာဖို့လိုမယ်ဆိုတဲ့ အသိကို ပေးချင်တယ်။ စာပေတွေထဲမှာ ကလေးတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့  ဘဝမှာ စာဖတ်လို့ရလာတဲ့ အတွေ့အကြုံတွေနဲ့ လျှောက်လှမ်းသွားရင် သူတို့ဘဝတွေဟာ လှပနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ စာဖတ်ကြဖို့ တိုက်တွန်းချင် ပါတယ်။ အတတ်ပညာဟာ အရေးကြီးပါတယ်။ စာတတ်ရင် တတ်သလို တွင်ကျယ်တယ်၊ လူရာဝင်တယ်ဆိုတာ ကိုလည်း သိစေချင်တယ်။ သိပ္ပံနဲ့နည်း ပညာပြခန်း၊ ရေကြောင်း အသိပညာပေး ပြခန်း၊ လေကြောင်း အသိပညာပေးပြခန်း၊ လေယာဉ်ပျံသန်းမှု သရုပ်ပြကွင်းတွေ ပြထားတာရှိပါတယ်။ ဒီပြခန်းတွေကို ကြည့်ခြင်း အားဖြင့် အတတ်ပညာဟာ ကိုယ်တတ်ရင်တတ်သလောက် ကိုယ့် ဘဝအတွက်၊ နိုင်ငံ့အတွက်၊ ပြည်သူ အတွက် အကျိုးပြုနိုင်တယ်ဆိုတဲ့အတွေးကို ကလေးတွေကို ပေးချင်ပါတယ်။ အချိန်တွေ အလကားမကုန်ဆုံးစေဘဲ လေ့လာပါ၊ သင်ယူပါ၊ မှတ်သားပါဆိုတဲ့ အတွေးအခေါ်ကိုလည်း ပေးချင်တယ်။

လူ့ဘဝမှာ ကျန်းမာရေးက အဓိကဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အားကစားလုပ်ဖို့ လိုပါတယ်။ ကျန်းမာ သန်စွမ်းနေမှ ကိုယ်လုပ်ချင်တာကို လုပ်လို့ရမယ်။ အသက်ရှည်ရှည်နေရမယ်။ ဒါကြောင့် ကျန်းမာဖို့လိုပါတယ်။ အခု ပွဲတော်မှာ နိုင်ငံကျော် အနုပညာရှင်တွေနဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အနုပညာရှင်တွေလာပြီး ဖျော်ဖြေကြတဲ့အတွက် ကိုဗစ်ကာလတစ်လျှောက် ငြီးငွေ့နေတဲ့စိတ်တွေကို ပျော်စေချင်လို့ ဖျော်ဖြေရေးအစီ အစဉ်ကို ထည့်သွင်း စီစဉ်ဆောင်ရွက်ပေးတာပါ။ ပွဲတော်ကို လာရောက်ကြတဲ့သူတွေဟာ ပျော်လည်းပျော်မယ်။ အသိပညာ ဗဟုသုတလည်းရမယ်။

ဘဝအတွက်အရေးကြီးပြီး သိသင့်သိထိုက်တာ၊ တန်ဖိုးရှိတာတွေကို သိရှိနိုင်အောင် ဒီပွဲကို ကျင်းပရခြင်းဖြစ် ပါတယ်။ လာကြည့်ကြတဲ့ သူတော်တော်များများက ပြခန်းတိုင်းကို စိတ်ဝင်စားကြတယ်။ ပညာရေးပြခန်းမှာ လည်း စက်ပစ္စည်းကိရိယာတွေရှိတယ်။ သိပ္ပံနှင့် နည်းပညာပြခန်းကိုလည်း အများစိတ်ဝင်စားကြတယ်။ လေကြောင်း၊ ရေကြောင်းပြခန်းတွေကိုလည်း စိတ်ဝင်စားကြတယ်။ ပြခန်းတွေအားလုံးကို စည်စည်ကားကားနဲ့ ဝိုင်းဝန်းပြီး ကြည့်ရှုကြတာ တွေ့ပါတယ်။ အလားတူပဲ ဖျော်ဖြေတဲ့နေရာမှာလည်း အားပေးကြတာတွေ့ရပါတယ်။ စက်မှုနည်း ပညာ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ တီထွင်ထားတဲ့ စက်ပစ္စည်းကိရိယာ တွေကိုလည်း ပြသထားတယ်။

နည်းပညာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာကို လာကြည့်တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူလူထုတွေ သိရှိစေချင်တယ်။ သို့သော် ပြောင်းလဲလာတဲ့ နည်းပညာတွေကို ဘဝမှာ အကျိုးရှိအောင် သုံးတတ်ဖို့ အတွက် အသိလေးကို ပေးဖို့လိုပါတယ်။ ဥပမာ ကွန်ပျူတာ၊ ဖုန်းတွေကို သုံးရင် သုံးတတ်သလို အကျိုးရှိတယ်ဆိုတဲ့ အသိလေးတွေလည်း ပေးချင်တယ်။ မကောင်းတာကိုပယ်ပြီး ကောင်းတာကို သုံးဖို့လိုတယ်။

သိပ္ပံနှင့်နည်းပညာ ပြခန်းတွေမှာဆို တီထွင်ထားတာတွေ အများကြီးရှိတယ်။ ပြည်တွင်းမှာ ထုတ်လုပ်ပြီး နိုင်ငံခြားငွေ သက်သာတဲ့နည်းလမ်းနဲ့ လုပ်နိုင်တဲ့ တီထွင်မှုတွေလည်း တွေ့ရပါတယ်။ ဒါတွေဟာ အလွန်အင်မတန် ကောင်းပါတယ်။ ကလေးတွေကို အားကျစေချင်တယ်။ ငါတို့စာတတ်အောင် သင်ရမယ်။ ပညာတတ်အောင် သင်ရမယ်။ ဒီလိုတတ်မှသာ တီထွင်နိုင်မယ်။ ကောင်းကျိုးပြုနိုင် မယ်ဆိုတဲ့အတွေးကို ရောက်စေချင်ပါ တယ်။ ဒါကြောင့် ပွဲကိုလာရောက်လေ့လာ သင့်ပါတယ်။ လူငယ်နှင့်စာပေပွဲတော်လို့ နာမည်တပ်ထားတာက လူငယ် တွေကိုဦးစားပေး ချင်လို့ပါ။ တကယ်တော့ လူကြီးတွေလည်း လာလို့ရပါတယ်။ ပြည်သူ  လူထုအားလုံးလာစေ ချင်ပါတယ်။ ပွဲတော်ကို ကိုယ့်သားသမီးတွေကို ပြမယ်။ ပွဲတော်လာကြည့်ရင်းနဲ့ ကိုယ့်သားသမီးကို အသိပညာတွေ သင်ပြညွှန်ကြားပေး နိုင်တာတွေ ရှိပါတယ်။ ဒီမှာစာအုပ်တွေ လာဝယ်ကြတာ ရှိပါတယ်။ တစ်နေ့တစ်နေ့ကို အတော်ရောင်းရတယ်။

ကလေးစာအုပ်တွေ၊ ဂန္ထဝင်စာအုပ်တွေ၊ စာပေဗိမာန်က ရောင်းတဲ့ စာအုပ်တွေ၊ ပုဂ္ဂလိကဆိုင်တွေက လာရောင်းတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ လာရောက်ဝယ်ယူရင်းနဲ့ မိမိတို့ သားသမီးတွေကို (အတွေ့အကြုံရှိအောင်ပြပါ။ သားသမီးတွေကို ကျောင်းစာတွေကိုပဲ မလုပ်စေဘဲ အပြင်ကိုထွက်ပြီး လေ့လာသင်ယူ တတ်တဲ့ အလေ့အကျင့် မျိုးရအောင် လာရောက်ကြည့်ရှုသင့်ပါတယ်။ ဒီပွဲ မှာ အများကြီးပညာတွေ ရပါတယ်လို့ ပြောလိုပါတယ်။

ဦးဝင်းခိုင် (ကျောင်းအုပ်ကြီး အမှတ် () အခြေခံပညာအထက်တန်းကျောင်း)

လူငယ်နှင့် စာပေပွဲတော်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကျောင်းက ကျောင်းသား ကျောင်းသူတွေ ၁၀၀၀ ကျော် လာရောက်လေ့လာနေပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကိုဗစ်လှိုင်းတွေကြောင့် ကျောင်းတွေ နားထားရတဲ့အတွက် အခုလိုပွဲတော်ကြီး ကျင်းပပေးတဲ့အခါ လာရောက်လေ့လာပြီး ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ကလေးအများစုက ဖုန်းနဲ့ ဂိမ်းဆော့ပြီး အချိန်ကုန်နေကြတာများပါတယ်။ ဒီနေ့ခေတ်မှာ ကျောင်းသားလူငယ်တွေ အားလုံးစာဖတ်ဖို့ ပိုမိုလိုလာပါပြီ။ သမိုင်းဝင်စာအုပ်စာပေတွေ၊ လေ့လာစရာ ပြခန်းတွေ ကအစ ပြခန်းအားလုံးကို လေ့လာကြည့်ရှုရင်းနဲ့ အသိပညာ ဗဟုသုတတွေရရှိမယ်လို့ ယုံကြည်ပါတယ်။ ကျောင်းသားလူငယ်တွေ ပြခန်းတွေကို ကြည့်ခြင်းအားဖြင့် ရရှိလာမည့် အသိပညာ ဗဟုသုတတွေကနေတစ်ဆင့် ကျောင်းအတွက်၊ နိုင်ငံ့အတွက်အကျိုး ပြုစေမယ့် သားကောင်းရတနာများပေါ် ထွန်းလာဖို့ အခုလိုပွဲတော်ကြီး တွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်။

မအင်ကြင်းဖူး (ပြပွဲသို့ လာရောက်လေ့လာသည့် ကျောင်းသူ) ကျွန်မတို့အနေနဲ့ ဒီပွဲတော်ကြီးမှာရှိတဲ့ ပြခန်းတွေက တစ်ဆင့် အသိပညာဗဟုသုတွေ ရရှိစေနိုင်သလို နည်းပညာနဲ့ ပတ်သက်တဲ့ ပြခန်းတွေကလည်း အတတ်ပညာကို ဘယ်လိုလေ့လာ အားထုတ်ရတယ်ဆိုတာကို မျက်မြင် ကိုယ်တွေ့ သိရှိရပါတယ်။ သိပ္ပံနဲ့နည်းပညာပြခန်းမှာဆိုရင် ကျောင်းမှာ သင်နေရတဲ့ သင်ခန်းစာတွေနဲ့ ပတ်သက် တဲ့ပစ္စည်းတွေကို အပြင်မှာ မျက်မြင် တွေ့ရတဲ့အခါ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခုလိုမြင်ရတော့ စာတွေ့နဲ့ လက်တွေ့ဘယ်လိုကွာခြားတယ်၊ ဘယ်လို အချက်တွေကို ကိုယ်ကထပ်ပြီး ဖြည့်ဆည်းရမယ်ဆိုတာ သိရှိသွားတယ်။ ဒီလိုသိမှ ကျွန်မတို့ ရည်မှန်းချက်တွ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မက ဒီပွဲတော်ကို ပထမဆုံးအကြိမ် လာရောက်လေ့လာတာပါ။ ပွဲတော်ကို လာရောက်တဲ့အခါမှာ နေပြည်တော်အတွင်းမှာရှိတဲ့ ကျောင်းပေါင်းစုံက ကျောင်းသား၊ ကျောင်းသူတွေအားလုံး တစ်စုတစ်စည်း တည်းတွေ့ရတော့ ပိုပြီးပျော်စရာကောင်းပါတယ်။ ကျွန်မတို့ အနာဂတ်အတွက် ကြီးပွား တိုးတက်စေပြီး အသိပညာဗဟု သုတတွေများစွာရရှိနိုင်တဲ့ ဒီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါ တယ်။ လူငယ်နှင့်စာပေပွဲတော်ကြီးကို အခုလို ပါဝင်ဆင်နွှဲခွင့်ရအောင် စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒေါက်တာသန်းထိုက်စိုး (ပညာရေးဝန်ကြီးဌာန ပြခန်းတာဝန်ခံ)

လိပ်ပြာပြခန်းကို အဓိကထား ပြသသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အပူပိုင်းမုတ်သုံရာသီဥတု ရှိပါတယ်။ နေရောင်ခြည်ကြွယ်ဝပါတယ်။ (လိပ်ပြာတွေဟာ နေရောင်ခြည်ကို ကြိုက်နှစ်သက်တဲ့ အင်းဆက် တွေဖြစ်ပါတယ်။ လိပ်ပြာတွေ များများရှိတဲ့ ပတ်ဝန်းကျင်ဟာ သန့်ရှင်းပါတယ်။ (လိပ်ပြာဆိုတာ ပတ်ဝန်းကျင်ရဲ့ ဂုဏ်သိက္ခာ၊ ပတ်ဝန်းကျင် စံပေတံ၊ ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ်မှုတွေလို့ပြောလို့ ရပါတယ်။ ပွင့်ခြား ဝတ်မှုန် တွေ ကူးတဲ့အခါမှာ လိပ်ပြာတွေဟာ မရှိမဖြစ် အရေးကြီးပါတယ်။

ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်မှာ လိပ်ပြာပြ တိုက်ရှိပါတယ်။ အခြားနိုင်ငံတွေမှာ လိပ်ပြာဥယျာဉ်တွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ခုထိတော့ မရှိသေးဘူး။ ဒါကိုလုပ်နိုင်ရင်တော့ Eco Tourism ခရီးသွား လုပ်ငန်းတွေမှာ ဆွဲဆောင်မှုရှိလာမယ်၊ အမှတ်တရ ပစ္စည်းတွေ ရောင်းချလို့ ရလာမယ့်အတွက် လိပ်ပြာဥယျာဉ် ကျွန်တော်နိုင်ငံမှာ ပေါ်ထွန်းလာဖို့အတွက် ဒီလိုလာရောက် ပြသပေးခြင်းဖြစ်ပါတယ်။ လိပ်ပြာတွေကို လေ့လာခြင်းအားဖြင့် ကလေးတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးလာမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက် မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ မြန်မာပြည်အရပ်ရပ်က လူငယ်တွေအနေနဲ့ လူငယ်နှင့်စာပေပွဲတော်ကို လာရောက်မယ်ဆိုရင် အသိပညာအတတ် ပညာတွေအများကြီး ရမှာ ဖြစ်ပါတယ်။

မောင်ထက်လျှံရဲရင့် (ပွဲတော်သို့ လာရောက်လေ့လာသည့် ကျောင်းသား)

ဒီပွဲတော်ကို ဖေဖေနဲ့ မေမေကလိုက်ပို့တာပါ။ ပွဲတော်မှာ လေယာဉ်တွေနဲ့ သင်္ဘောတွေကို ဂိမ်းကစားရသလို ကိုယ်တိုင်မောင်းရတဲ့အတွက် သားပျော်ပါတယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းတွေကို ကစားခွင့်ရတဲ့အပြင် ပြခန်းက မမတွေကလည်း လက်ဆောင်တွေ ပေးပါတယ်။ မေမေက သားကြိုက်တဲ့ ပုံပြင်စာအုပ်တွေ အများကြီးဝယ်ပေးတဲ့အပြင် ဖေဖေက ပြခန်းတွေနဲ့ ပတ်သက်ပြီး သားသိချင်တာတွေကို လိုက်ရှင်းပြပေးပါတယ်။ လေယာဉ်ပျံ သရုပ်ပြကွင်းမှာလည်း လေယာဉ်တွေကို မောင်းနှင် ပြသပေးတာကို ကြည့်ရတော့သားကြီးလာရင် လေယာဉ်မောင်းတဲ့သူ ဖြစ်ချင်ပါတယ်။ လေယာဉ်မောင်း နည်းပြပေးတဲ့ ဦးဦးက တကယ့်လေယာဉ်အစစ်လည်း ဒီအတိုင်းပဲမောင်းရတာလို့ ပြောပါတယ်။ အိမ်မှာ ကျောင်းပိတ်ရက်ဆို အဖေဝယ်ပေးထားတဲ့ လေယာဉ်တွေနဲ့ ကစားပါတယ်။ ဒီပွဲကိုလာရလို့ သားအလွန် ပျော်ပါ တယ်။

တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်

ဓာတ်ပုံ-ကိုကိုအေး