Skip to main content

တပ်မတော်က ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် နတ်စင်တစ်ရာ ဆရာတော်နှင့် အလှူရှင်များက အလှူငွေ များ ပေးအပ်လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၁၉

တပ်မတော်က ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသတို့ကို အမှူးပြု၍ နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇနှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော် မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ 

ထို့နောက် တပ်မတော်က ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း ၃၀၀ ကို နတ်စင်တစ်ရာ ဆရာတော်ဦးဆောင်သော အလှူရှင်များက ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး (ဝဲပုံ) ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်များအား တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သန်လျင် မင်းကျောင်း ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ဗန်းမော်ဆရာတော် ဘုရားကြီး အမှူးပြုသော သံဃာတော်များအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်