နေပြည်တော် ဇန်နဝါရီ ၁
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒီဇင်ဘာ(၃၁) ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဇေယျဝတီ သကြားစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သကြားစက်ရုံများသည် ကြံထွက်ရှိသည့်ရာသီ၌သာ လည်ပတ်ရ၍ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်အရန်ပစ္စည်းများကိုလည်း အဆင်သင့်လဲလှယ် အသုံးပြုနိုင်ရေးအတွက် ကြိုတင်ဝယ်ယူ စုဆောင်းထားရန်၊ ကြံကုန်ကြမ်းများ ပြတ်လပ်မှုမရှိစေရေး အစီအမံများ ချမှတ် ဆောင်ရွက်ရန်၊ စားသောက်ကုန်များထုတ်လုပ်သည့် စက်ရုံဖြစ်၍ စားသုံးသူများ ဘေးအန္တရာယ် မဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်ပမှသကြားများ တင်သွင်းနေရမှုကို လျှော့ချနိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ကြံကုန်ကြမ်းများ ကြိတ်ခွဲရာတွင် ကြံရည်များ ကုန်စင်အောင် ကြိတ်ခွဲနိုင်မှသာ သကြားအထွက်နှုန်း တိုးတက်မည်ဖြစ်၍ ကြပ်မတ်ဆောင်ရွက်ရန်၊ ကြံရာသီတွင် စက်ရုံမှကြိတ်ခွဲနိုင်သည့် ကြံတန်ချိန်များရရှိရန် စက်ရုံအစီအစဉ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ဒေသခံကြံတောင်သူများ ဝင်ငွေတိုးတက်၍ လူနေမှု အဆင့်အတန်း မြင့်မားစေရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ရန်၊ အထွက်နှုန်းကောင်းသည့် ကြံမျိုးစိတ်များရရှိအောင် စီမံဆောင်ရွက်၍ ဒေသခံ ကြံတောင်သူများသို့ ဖြန့်ဝေပေးရန်နှင့် သိပ္ပံနည်းကျ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာ မျှဝေပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ တစ်ယူနစ် ထုတ်လုပ်မှုစရိတ်များ လျော့ချနိုင်ရေးအတွက် အလေအလွင့်မရှိရေး ကြပ်မတ်ဆောင်ရွက်ရန်၊ စက်ရုံစိုက်ကွင်းများ တွင်လည်း ကြံအထွက်နှုန်း ကောင်းမွန်အောင် မြေများအားပြုပြင် ဆောင်ရွက်ရန်နှင့် ကြံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် သွင်းအားစုများနှင့် သဘာဝ မြေဩစာများကို အချိန်ကိုက်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားပြီး သကြားထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကြံစိုက်ကွင်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကြံစိုက်ကွင်းများအတွင်း မသက်ဆိုင်သူများ ဝင်ရောက်စိုက်ပျိုးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန် ထပ်ဆင့်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရေတာရှည်မြို့နယ်ရှိ အမှတ်(၃)စက်မှု သင်တန်းကျောင်း (သာဂရ) သို့ရောက်ရှိပြီး နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံ၍ နည်းပြဆရာ၊ ဆရာမများအနေဖြင့် သင်တန်းသားများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည် အသုံးပြု နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးရန်၊ မိမိတို့ သက်ဆိုင်သည့် ဘာသာရပ်အသီးသီးကို ကျွမ်းကျင်မှုရှိရေး အမြဲမပြတ်လေ့လာသင်ယူ သွားရန်နှင့် ကျောင်းသားများ၏ စံပြဖြစ်အောင် ပြုမှုနေထိုင်သွားကြရန်၊ နည်းပြဆရာ၊ ဆရာမများ၏ အရည်အသွေး တိုးတက်မြင့်မားစေရေးအတွက် ToT (Training of Trainer) သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရန်မှာကြားပြီး သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ သင်တန်းသား အိပ်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)