နေပြည်တော် ဒီဇင်ဘာ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသ ကြီးအတွင်းရှိ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ သမဝါယမ အသင်းစုမှ ဆောင်ရွက်လျက်ရှိသည့် မြင်းကောင်ရေ (၃၅)ကောင်ရှိ တစ်ပိုင်တစ်နိုင် ဆန်စက်လည်ပတ်နေမှုကို လည်းကောင်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းမှ သင်တန်းဆင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍လူသုံးကုန်ပစ္စည်းများဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ် ဆေးပြီး လုပ်ငန်း လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ်၊ ကိုရံ(တောင်) ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် စိုက်ပျိုးမြေဧက (၁၀၀) အကျိုးပြုမည့် မြေနီကျောက်စရစ် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို လည်းကောင်း၊ မကွေးမြို့နယ်၊ ဘုရားပြို(တောင်)ကျေးရွာတွင် လူဦးရေ (၁၅၂)ဦး အကျိုးပြုမည့် စက်ရေတွင်း နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ် ဆေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မကွေးမြို့နယ် မကြီးကန်ကျေးရွာရှိ မြေလတ်သားအထွေထွေသမဝါယမ အသင်းစုချုပ်၏ တန်(၃၀)ကျ ဆီစက်နှင့် နှမ်းအခွံချွတ် စက်ရုံသို့ ရောက်ရှိကာ မြေလတ်သား အထွေ ထွေသမဝါယမအသင်းစုချုပ်တာဝန်ရှိသူများမှ စက်ရုံမှ ထုတ်ကုန်ထွက်ကုန် ပစ္စည်းများကို အရှေ့အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းမှု၊ အကျိုးအမြတ်ရရှိမှု၊ စက်ရုံလည်ပတ်နေမှု၊ နှမ်းကုန်ကြမ်း ဝယ်ယူမှုကို လိုက်လံရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်း များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှု ၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိစေရေးနှင့် မိသားစု ဝင်ငွေ တိုးပွားရေးတို့ကို ဆွေးနွေးညှိနှိုင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် PC Myanmar တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နှမ်းကုန်ချောထုတ် စက်ရုံသို့ ရောက်ရှိကာ မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့ရှိ ကျေးရွာ ၃၀ မှ နှမ်းစိုက်တောင်သူ ၆၀၀ ဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံတွင် အသင်းဝင် တောင်သူများ၏ နှမ်းများနှင့် ပုဂ္ဂလိကပိုင်နှမ်းများကို ခေတ်မီစက်များဖြင့် မျိုးခွဲသန့်စင် ဆောင်ရွက်ပေးနေမှု၊ နှမ်းထောပတ်၊ ပဲထောပတ်၊ နှမ်းဆီသန့်၊ ပဲဆီသန့်များ ထုတ်လုပ်၍ ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ဖြန့်ဖြူး ရောင်းချပေးနေမှု ၊ နှမ်းစိုက်တောင်သူများ အသေးစားစီးပွားရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင် ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်းရန်ပုံ ငွေ ငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးခဲ့မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေး သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာအတွင်း လူဦးရေ ၇၆၀၀၀ ကျော်အကျိုးပြုပေးနိုင်မည့် ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၀၆ ခု၊ စိုက်ပျိုးရေး မွေးမြူရေးဧကပေါင်း ၃၇၀၀၀ ကျော် အကျိုးပြု ပေးနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း ၃၇ မိုင် ၇ ဒသမ၃၂ ဖာလုံ၊ ကျေးလက်ကုန်ထုတ် တံတား (၃၂)စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) (၁၁၈)ရွာ၊ မြစိမ်းရောင် ကျေးရွာ စီမံကိန်း(၂၀)နှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၄၉)ကြိမ် တို့ကို အကောင်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)