Skip to main content

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဥပဒေအရာရှိအဆင့် ၄ မှ အဆင့် ၃ ရာထူးတိုးရေး ဖြေစာမေးပွဲဖြေဆိုမည့်သူများကို လုပ်ငန်းလမ်းညွှန်မှာကြား ”

နေပြည်တော်   ဒီဇင်ဘာလ    ၁၈

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၌ ဥပဒေအရာရှိ အဆင့်-၄ မှ ဥပဒေအရာရှိအဆင့်-၃ ရာထူးတိုးမြှင့်ရေး ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများကို တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ယင်းသို့ မှာကြားရာတွင်  မြို့နယ်ဥပဒေအရာရှိအဆင့်အဖြစ် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အရည်အချင်း ပြည့်ဝကြရန် လိုအပ်ပါကြောင်း၊ ရာထူးတိုးများရရှိပြီးလျှင်လည်း အထူးမွမ်းမံသင်တန်းများ တက်ရမည်ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၇၆/၂၀၂၁)ဖြင့် ဥပဒေ ရေးရာဝန်ကြီးဌာန အဖြစ် ဩဂုတ် ၃၀ ရက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ယခုအစိုးရ၏ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု ဟူ၍လည်း ပြော၍ရပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာနများအကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ဝန်ကြီးရုံးဖွဲ့စည်းပုံအဖြစ်  အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်း စိစစ်ရေးနှင့်လုပ်ငန်းများ စစ်ဆေးရေးဌာနခွဲ၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ ဦးစီးရုံးတို့ကိုထားရှိပြီး E-Government ဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနစိတ်၊ စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးဌာနစိတ်နှင့် ပုဂ္ဂလိကတိုင်ကြားစာများ စိစစ်ဆောင်ရွက်ရေးဌာနစိတ်တို့ကို အသစ်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၉ ကို ဆောင်ရွက်ပြီး စီးခဲ့ပြီး မဟာဗျူဟာစီမံကိန်း ၂၀၂၀-၂၀၂၄ ကိုလည်း ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် မိမိတို့ ဆောင်ရွက်နိုင် သည့် ကဏ္ဍများကို မိမိတို့၏ နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ ဥပဒေအရာရှိများ အရည်အချင်းပြည့်ဝစေရေး၊ အခြားသောဝန်ကြီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများကို ဥပဒေ အသိပညာများရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ ဌာနဆိုင်ရာ အသီးသီးအနေဖြင့် စီးပွားရေးစာချုပ်စာတမ်းများချုပ်ဆိုခြင်း၊ ဥပဒေ(မူကြမ်း)များ စိစစ်ပေးရေးတို့တွင် အသုံးပြုကိုးကားနိုင်ရေးအတွက် စီးပွားရေးစာချုပ် စာတမ်းများချုပ်ဆိုခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် ဥပဒေ(မူကြမ်း)ရေးဆွဲရေးလမ်းညွှန် စာအုပ်များကိုလည်း ထုတ်ဝေ ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။

ဥပဒေဘာသာပြန် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဥပဒေဘာသာပြန်ကော်မရှင်သည် ကိုလိုနီခေတ်ကတည်းက အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းခဲ့ပြီး လက်ရှိတွင် တည်ဆဲဖြစ်သော ဥပဒေ ပေါင်း ၈၈ ခုအနက်မှ ၂၆ ခု ကို မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့ပြီး စာအုပ်အမှတ် ၁ မှ ၈ အထိ ထုတ်ဝေနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု စာအမှတ် ၉ အဖြစ် ရာဇသတ်ကြီး စာအုပ်ကို နောက်ဆုံး ထုတ်ဝေခဲ့ပါကြောင်း၊ ရာဇသတ်ကြီးကို ယခင်က အလွတ်သဘောဘာသာ ပြန်ဆိုသုံးစွဲလျက် ရှိရာမှ ယခုတရားဝင် (Authentic) အဖြစ် ဥပဒေအရ အမိန့်ကြော်ငြာစာဖြင့်ထုတ်ဝေခဲ့ပါ ကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် အာဆီယံ အစည်းအဝေးများဖြစ်သော AIPA, ASLOM, ALA, AALCO စသည့် အစည်းအဝေး များတွင် ပါဝင်တက်ရောက်လျက်ရှိပါကြောင်း။

ယခု ဥပဒေအရာရှိအဆင့်-၄ မှ အဆင့်-၃သို့ ရာထူးတိုးစာမေးပွဲကို ရေးဖြေ၊ နှုတ်ဖြေ အမှတ်၊ အကဲဖြတ်ရမှတ်နှင့် လုပ်သက်ရမှတ်များ စုပေါင်းပြီး တန်းစီဇယား ပြုစုဆောင်ရွက် သွားမည်ဖြစ်သည့် အတွက် မှန်မှန်ကန်ကန်စနစ်တကျနှင့် ရာထူးတိုးမြှင့်ရေး ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ပီသစွာမိမိတို့လုပ်ငန်း တာဝန်များကိုသာ အလေးဂရုပြု ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်နှင့် တာဝန်ရှိသူများ၊ ရာထူးတိုးစာမေးပွဲ ဖြေဆိုသူ ဥပဒေအရာရှိ အဆင့်-၄ များ တက်ရောက်ကြကြောင်း သိရသည်။ 

(သတင်းစဉ်)