Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်   ဒီဇင်ဘာ    ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးလှမိုး၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ ရှေးဟောင်းတပ်မတော် ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဟောင်းတပ်မတော် ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင် ချယ်ရီမြိုင်နှင့် ယုဇနမြိုင်တို့သို့ ရောက်ရှိကြပြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေးဟောင်းအဆောက် အဦများဖြစ်သည့်အတွက် မူလပုံစံမပျက် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် အခြေအနေ၊  ထိန်းသိမ်း ပြုပြင်မှုများအတွက် ငွေကြေးကုန်ကျမှု များရှိမည်ဖြစ်သော်လည်း သမိုင်းအမွေအနှစ်များ ဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မှတ်တမ်းများလည်း စနစ်တကျထားရှိရန် လိုအပ်သည့် အခြေအနေ၊ ထိန်းသိမ်းမှုဆောင်ရွက်ရာတွင် ထည့်သွင်းအသုံးပြုရန်လိုအပ်သည့် ပရိဘောဂများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ရှေးဟောင်း လက်ရာပစ္စည်းများကိုသာ အတတ်နိုင်ဆုံး ရှာဖွေထည့်သွင်းသုံးစွဲရန် လိုအပ်သည့်အခြေအနေ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆောင်ရွက် ထားရှိရန်နှင့် မီးဘေးအန္တရာယ်ကိုလည်း အထူးဂရုပြု ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူ များအားမှာကြားခဲ့ပြီး ဧည့်ရိပ်သာများ၏ အတွင်းပိုင်းနှင့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်း ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဖြည့်စွက်ဆွေးနွေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ထုံးဘိုကျေးရွာရှိ ဒီဇင်ဘာ နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးစံလှက နို့စားနွားမွေးမြူထားရှိမှု အခြေအနေ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု အခြေအနေနှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင် ဒေသရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် မလိုင်လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး နို့စားနွားမွေးမြူရေး၊ မလိုင်ထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် နို့ထွက် ပစ္စည်းများနှင့်ပတ်သက်၍ ပြင်ဦးလွင်မှ စံပြဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် နို့ထွက်ပစ္စည်းများကို တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀ ဖိုးခန့် ပြည်ပမှ တင်သွင်းနေရကြောင်း၊ တပ်မတော်တွင်လည်း နို့စားနွားမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ရေခံမြေခံကောင်း များရှိပြီးဖြစ်သည့်အတွက် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ နို့ထွက် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နို့စားနွားများအား စနစ်တကျ မွေးမြူမည်ဆိုပါက ပြင်ဦးလွင် ဒေသသည် အောင်မြင်နိုင်သည့် ဒေသတစ်ခုဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရာ၌ စားကျက်မြေ၌ လွှတ်ကျောင်း ၍ မွေးမြူခြင်း၊ လှန်၍ မွေးမြူခြင်းနှင့် အခန်းတွင်းလှောင်၍မွေးမြူခြင်းဟူ၍ရှိပြီး လှောင်၍ မွေးမြူခြင်းကို စနစ်ကျနစွာ လုပ်ဆောင်ပါက ပိုမိုအောင်မြင်နိုင် မည်ဖြစ်ကြောင်း၊ နွားစာ အစာစိမ်းနှင့်ပတ်သက်၍ ပြောင်း၊ စပါး၊ ပဲ၊ ဘာလီ၊ ဂျုံများဖြင့် အစာစိမ်း ပြုလုပ်၍ ကျွေးမွေး၍ရကြောင်း၊ မွေးမြူခြင်းနှင့် အစာကျွေးခြင်းများကို စနစ်တကျ ဆောင်ရွက်မည် ဆိုပါကနို့ထွက်နှုန်းများ တိုးတက်ပြီး အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

ပိုမိုအကျိုး ဖြစ်ထွန်းမည်

မလိုင်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ပြင်ဦးလွင် ဒေသသည် မလိုင်ထုတ်လုပ်မှု ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထုတ်လုပ်သည့် မလိုင်များအရည်အသွေး ကောင်းမွန်စေရန်နှင့် ထုပ်ပိုးမှုစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်၍ နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နို့ကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက်သီးနှံများကို အသုံးပြု၍ တန်ဖိုးမြင့်စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ် ထွန်းမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေး မည်ဖြစ်ပြီး အိမ်တွင်း အသေးစားစက်မှုလုပ်ငန်း (SME) များကိုလည်း နိုင်ငံတော်အစိုးရမှ ကူညီ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးအတွက် ခွင့်ပြုပေးထားသည့် မြေများကိုလည်း စနစ်တကျ အသုံးပြုစေလိုကြောင်း၊ နိုင်ငံအတွင်း နွားနို့၊ ဒိန်ချဉ်နှင့် မလိုင်စသည့် နို့ထွက်ပစ္စည်းများ ပေါများအောင်ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံသားများအတွက်  အာဟာရပြည့်ဝ စွာဖြင့် စားသုံးနိုင်မည်ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသတွင် နို့စားနွားများကို စနစ်တကျဖြင့် မွေးမြူဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ညှိနှိုင်းဆောင်ရွက်ပေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အစာစပ်လုပ်ငန်းလုပ်ဆောင်ထားရှိမှု၊ နွားများကို အသက်အရွယ် အပိုင်းအခြားအလိုက် အမျိုးအစားခွဲ၍ မွေးမြူထားရှိမှု၊ နို့ထုတ်ယူနေမှု၊ ထုတ်ယူရရှိသည့် နို့များမှ နို့ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြန်လည်ဆွေးနွေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်  နောင်ခမ်းကြီးကျေးရွာရှိ ရှမ်း(မ်)မလိုင် မလိုင်ထုတ်လုပ်ရေးလုပ်ငန်းသို့ရောက်ရှိကြပြီး လုပ်ငန်းရှင် ဦးမြတ်သိန်းငွေ၏ မလိုင်ထုတ်လုပ်ပုံအဆင့်ဆင့် ရှင်းလင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည်ဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ နာရီစင်အနီးရှိ ပါရမီမလိုင်မုန့်ဆိုင်သို့ သွားရောက်၍ နို့ထွက်ပစ္စည်းများ ရောင်းချနေမှု၊ ဈေးကွက်ဖြန့်ဖြူးနေမှု အခြေအနေများကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်