နေပြည်တော် နိုဝင်ဘာ ၃၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေး ဌာနခွဲသို့ရောက်ရှိပြီး မြွေဆိပ်ဖြေဆေးများကို တိုးမြှင့် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ မြွေဆိပ် ဖြေဆေးထုတ်လုပ်ရာတွင် အသုံးပြုရန် မွေးမြူထားသည့် မြင်းများကို ကြံ့ခိုင်သန်စွမ်းပြီး အနာရောဂါကင်းသည့် မြင်းများဖြစ် အောင် အလေးထားဆောင်ရွက်ရန်နှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်များ ချမှတ်ဆောင်ရွက်ရန် မှာကြားပြီး မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်ရေးအတွက် မြွေများမှ အဆိပ်ထုတ်ယူ နေမှုအခြေအနေနှင့် မြင်းများကို သဘာဝ အတိုင်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ် ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် New Generation Industry Co., Ltd. သို့ ငှားရမ်းထားသည့် အမှတ်(၃) ပလတ်စတစ်စက်ရုံသို့ ရောက်ရှိပြီး ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှု စစ်ဆေးကာ စက်ရုံရှင်းလင်းဆောင်၌ New Generation Industry Co., Ltd. တာဝန်ရှိသူများအား ပြည်သူလူထုလိုအပ်လျက်ရှိသော ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများကို ယခု ထက်ပိုမို၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံငှားရမ်းကုမ္ပဏီအနေဖြင့် ရရှိသည့် အမြတ်အစွန်းအချို့ကို ဒေသဖွံ့ဖြိုး ရေးနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေး လုပ်ငန်းစဉ် များတွင် အသုံးပြုစေလိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ မြို့ရှိ အမှတ်(၃)အကြီး စားစက်ရုံ (သာယာဝတီ)သို့ ရောက်ရှိပြီး စက်ရုံအနေဖြင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် Business Plan များ စနစ်တကျ ရေးဆွဲထားရှိရန်၊ စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ထုတ်လုပ်မှုလုပ်ငန်း အဆင့်များတွင် Check Point များ ထားရှိစစ်ဆေးရန်၊ အရည်အသွေးမီ ကုန်ကြမ်းပစ္စည်း များကို အသုံးပြုရန်နှင့် နိုင်ငံတကာနည်းစဉ်များကို စဉ်ဆက်မပြတ် လေ့လာရန်နှင့် နည်းပညာ များ ဆင့်ပွားသင်တန်း များပေးရန် မှာကြားပြီး ပန်းကန်နှင့်ကြွေပြားများ ထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။
နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ အမှတ်(၁) အထည်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံလည်ပတ်၍ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများကိုပြုပြင်ထားရှိရန်၊ အရည် အသွေးကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများအား လေ့ကျင့်သင်ကြား စီမံဆောင်ရွက်ရန်နှင့် ပြည်သူများအတွက် လိုအပ်သောအဝတ်အထည် များ ပိုမိုဖြည့် ဆည်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Super One Trading Co., Ltd. သို့ ငှားရမ်း ထားသည့် ပြောင်းဖူး ထုတ်ကုန်ပစ္စည်းစက်ရုံ (ရန်ပယ်)သို့ ရောက်ရှိပြီး စားသောက်ကုန် ပစ္စည်း များ ထုတ်လုပ်နေသည့် စက်ရုံဖြစ်၍ ကောင်းမွန်သော ထုတ်လုပ်မှု နည်းစဉ်များ အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူများ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ရန်မှာကြားပြီး ပြောင်းဖူးကော်မှုန့်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့် ဆင့်ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)