နေပြည်တော် နိုဝင်ဘာ ၂၈
အင်တာပိုလ်၏ ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89thSession of INTERPOL General Assembly) သို့ တက်ရောက်ခဲ့သည်။
(၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံသို့ အင်တာပိုလ်အဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် ၁၆၉ နိုင်ငံတို့မှ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနများ၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ရဲအဖွဲ့အကြီးအကဲများဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ အင်တာပိုလ်မှ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr. KIM Jong Yang ၊ အထွေထွေ အတွင်း ရေးမှူးချူပ် Mr. Jurgen Stock နှင့် အမှုဆောင်ကော်မတီဝင်များ နိုင်ငံတကာ မှုခင်းတိုက်ဖျက် ရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြ သည်။
ညီလာခံပထမနေ့တွင် ကမ္ဘာတစ်ဝန်း တစ်နေ့တစ်ခြားပုံစံမျိုးစုံဖြင့် တိုးတက်များပြားလာသော နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုနှင့် ဆိုက်ဘာမှုခင်းများသည် နယ်နိမိတ်မရှိဘဲ ထိုးဖောက်ဝင်ရောက်လျက်ရှိသဖြင့် ရဲတပ်ဖွဲ့အချင်းချင်း ရင်းနှီး ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက် မှုဖြင့် ထိရောက်စွာတိုက်ဖျက်နှိမ်နင်းနိုင်ရေး၊ အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်ရေး၊ မှုခင်း သတင်းအချက်အလက်ဖလှယ်ရေးတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် သက်တမ်းကုန်ဆုံးသည့် အင်တာပိုလ်အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင် ဒေသဆိုင်ရာကိုယ်စားလှယ် ၁၂ နေရာကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ် ခန့်အပ်ခြင်းတို့တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့သည်။
ညီလာခံဒုတိယနေ့တွင် WHO ဥက္ကဋ္ဌက Online မှ မိန့်ခွန်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို ဖြေရှင်းမည့် အစီအမံများ အတည်ပြုခြင်း၊ မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ (Federal State of Micronesia) အား အင်တာပိုလ် အဖွဲ့ဝင် နိုင်ငံအဖြစ်လျှောက်ထားမှုကို လျှို့ဝှက်မဲပေး၍ အတည်ပြုခြင်း၊ အင်တာပိုလ်၏ အုပ်ချုပ်မှုနှင့် သတင်းအချက်အလက် အသုံးပြုမှုပုံစံများ၊ အမှုဆောင်ကော်မတီ ရွေးချယ်ခန့်အပ်ခြင်း၊ အင်တာပိုလ်မဟာဗျူဟာမူဘောင် ၂၀၂၂-၂၀၂၅၊ (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၁၄ ချက်ကို အတည်ပြုခြင်းတို့ ပါဝင်ဆောင်ရွက်ခဲ့သည်။
ညီလာခံ တတိယနေ့တွင် အင်တာပိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည့် အာရပ်ပြည်ထဲရေး ဝန်ကြီးများအဖွဲ့ (AIMC)၊ ကမ္ဘာ့တိရစ္ဆာန် များဆိုင်ရာ အဖွဲ့အစည်း(OIE)၊ နိုင်ငံတကာရဲချုပ်များ အသင်း (IACP) တို့နှင့် နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အင်တာပိုလ် ညီလာခံ တက်ရောက်စဉ်အတွင်း အင်တာပိုလ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr.KIM Jong Yang၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock တို့ကို သီးခြားတွေ့ဆုံသည်။ ထို့အပြင် ၂၀၂၂- ၂၀၂၅ လေးနှစ် ရာထူးသက်တမ်းအတွက် အင်တာပိုလ်ဥက္ကဋ္ဌ ရွေးချယ်ခြင်းခံရသော အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲချုပ် Police Inspector General, H.E. Mr. Ahmed Nasser Al Raisi ကိုလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး HE. Mr.Sergey N. Lebedev၊ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Nyugen Duy Ngoc တို့နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရဲအဖွဲ့အကြီးအကဲ၊ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့မှ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် သီးခြားစီ တွေ့ဆုံကာ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများနှင့် ရဲတပ်ဖွဲ့များ အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး၊ မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တို့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ပြောကြား၍ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခြင်း ဆောင်ရွက်ခဲ့သည်။
(၈၉)ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံတက်ရောက်၍ အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် မြန်မာနိုင်ငံ မှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် မြန်မာ့ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)