Skip to main content

ညီညွတ်ကြ၊ စည်းလုံးကြ၊ ရိုင်းပင်းကြ၊ ချစ်ခင်ကြ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီ။ တိုင်းတစ်ပါး ကျွန်ဘဝမှလွတ်မြောက်အောင် နှစ်ပေါင်းတစ်ရာကျော် တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ အသက်၊ သွေး၊ ချွေး အမြောက်အမြားပေးဆပ်ကာ ကြိုးပမ်းခဲ့ရသည်။ မြန်မာပြည် ပြန်လည်လွတ်မြောက်ရေးအတွက် များစွာရင်းနှီးပေးဆပ်ခဲ့ရသည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်ပြီး သခင်ဘဝသို့ ရောက်ပါပြီလော။ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာနိုင်ငံသည် မည်မျှတိုးတက်ပြောင်းလဲအောင်မြင်ခဲ့ပါသနည်း။

အမှန်တကယ်ဆိုလျှင် မြန်မာနိုင်ငံသည် လွတ်လပ်ပြီဆိုသော်လည်း လွတ်လပ် ရေးနှင့်ထိုက်တန်သည့် အများတန်းတူနိုင်ငံ အဆင့်သို့ရောက်အောင် ကြိုးပမ်း အားထုတ်နေဆဲဖြစ်သည်။ လွတ်လပ်ပြီဆိုသော် လည်း အခြားနိုင်ငံများနှင့် ရင်ပေါင် တန်းလျှင် အောက်ကျနောက်ကျဖြစ်နေသေးသည်။ တိုင်းပြည်အတွင်း သူ့အိုးနှင့် သူ့ဆန်ထိုက် တန်အောင် သင့်တင့်လျောက်ပတ်နေနိုင်ကြသော်လည်း ကမ္ဘာနှင့်ယှဉ် လျှင် တူတူတန်တန်နေနိုင်သော အဆင့်မှာ အလှမ်းဝေးနေသေးသည်။ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် မငြိမ်းချမ်းသောဘဝများ လည်း ကျန်ရှိနေသေးသည်။

တစ်ချိန်သောကာလက ကိုလိုနီနယ်ချဲ့အစိုးရက ဖိနှိပ်ချုပ်ချယ်သွေးစုပ်မှု ကြောင့် တိုင်းပြည်ကျွန်ဖြစ်သည် မှန်သော်လည်း ယနေ့အချိန်အခါတွင် တိုင်းပြည် သူတစ်ပါးနောက် အောက်ကျနောက်ကျဖြစ် နေရခြင်းမှာ တိုင်းပြည် အတွင်း ချစ်ခင် ခြင်း၊ ရိုင်းပင်းခြင်း၊ စည်းလုံးခြင်း၊ ညီညွတ်ခြင်း အလှမ်းဝေးနေသောကြောင့်ဖြစ်သည်။ မိမိတိုင်းပြည်၊ မိမိလူမျိုးဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် မလုပ်ကိုင် နိုင်ကြ ပေ။ မိမိတိုင်းပြည်၊ မိမိလူမျိုးဖွံ့ဖြိုး တိုးတက်ရေးကို ဝါယမမစိုက်နိုင်ဘဲ မိမိ တိုင်းပြည်အတွင်း မိမိလူမျိုးအချင်းချင်း ဂုဏ်တုဖက်ပြိုင် ရန်လိုမုန်းထား၊ အာဃာတ များနှင့် ဖိစီးနှိပ်စက်နေကြ သောကြောင့် တိုင်းသူပြည်သား အများကောင်းစားရေး ကို မလုပ်ကိုင်နိုင်ဘဲ အောက်ကျနောက်ကျရောက်နေရသည်။

ထိုအခါ လွတ်လပ်ရေးမရမီ အဦးအစကာလက မြန်မာနိုင်ငံလွတ်လပ်ရေး၊ မြန်မာလူမျိုးကောင်းစားရေးအတွက် မြန်မာသခင်များ ကြွေးကြော်ခဲ့ကြသည့် ကြွေးကြော်သံကိုသတိရမိသည်။ “အချင်းအမျိုးသား အပေါင်းတို့ မြန်မာနိုင်ငံသည် အသင်တို့၊ ငါတို့နိုင်ငံ မဟုတ်ပါသလော။ အသင်တို့၊ ငါတို့နိုင်ငံကို ချစ်ခင်ကြဖို့ အလုပ်မှာ သင်တို့၊ ငါတို့၏မဟာဝတ္တရားတော်ကြီး မဟုတ်ပါလော။ မြန်မာနိုင်ငံ သည် မြန်မာဖို့မဟုတ်ပါလော။ မြန်မာနိုင်ငံသည် မြန်မာဖို့ဖြစ်စေရမည်။ မမေ့ မလျော့ကြကုန်လင့်။ ညီညွတ်ကြကုန်လော့၊ အချင်းချင်းရိုင်းပင်းကြကုန်လော့” ဟူသည့် မြန်မာ့သမိုင်းတွင် တို့ဗမာအစည်းအရုံးဟူ၍ အထင်ကရမော်ကွန်းတင်ရမည့် နိုင်ငံရေးအဖွဲ့ အစည်းကြီး၏ အထက်ပါကြေညာစာတမ်း အမှတ်(၁) သည် မြန်မာ တစ်မျိုးသားလုံးလွတ်လပ်ရေးအတွက် တစ်မျိုးသားလုံးအကျိုးအတွက် နိုးကြား ထက်သန်အားမာန်များဖြစ်စေခဲ့သည်။

ထိုအားမာန်များကို အကြောင်းပြု၍ တစ်မျိုးသားလုံး အမျိုးသားရေးစိတ် ထက်သန်မှုဖြင့် ဗြိတိသျှနယ်ချဲ့ကို မနိုင့်တနိုင်၊ ကျားကုတ်ကျားခဲ တွန်းလှန်ဖယ်ရှား ပြီး လုံးဝလွတ်လပ်သောနိုင်ငံဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် မြန်မာအားလုံး အတွက် မမေ့မလျော့ကြသောကြောင့်၊ ညီညွတ်ကြသောကြောင့် လွတ်လပ်ရေး အောင်ပန်းကို ရယူနိုင်ခဲ့သည်။ လွတ်လပ်ရေးရသောအခါ မြန်မာတို့၏ထက်သန် နိုးကြားသော အထက်ပါအမျိုးသားရေး အားမာန်များ ပါးလျားပျောက်ကွယ်လာ သည်။ မြန်မာနိုင်ငံသည် ငါတို့နိုင်ငံ၊ သင်တို့နိုင်ငံ မေ့ပျောက်လာကြသည်။ မြန်မာ နိုင်ငံကို ချစ်ခင်ဖို့ မေ့လျော့လာကြသည်။ အချင်းချင်းညီညွတ်ခြင်း၊ ရိုင်းပင်းခြင်း ပျောက်ကွယ်လာ ကြသည်။ ငါနှင့်မတူငါ့ရန်သူဖြစ်လာကြသည်။ သူတစ်လူငါတစ်မင်း ဝါဒစစ်ခင်းပြီး အချင်းချင်းလက်နက်ကိုင်မြိုင် ဆိုင်အနိုင်ယူနိုင်ရန်ကြိုးစားနေကြ သည်။ ဤနိုင်ငံကို ငါတို့နိုင်ငံဟု မခံယူဘဲ ဤနိုင်ငံသည် မင်းနှင့်မဆိုင် ငါ့နိုင်ငံဟု အတ္တမာနကြီးမားစွာဖြင့် ရန်ဖက်တူပြိုင် ဆိုးညစ်ယုတ်မာ မပြုအပ်သော အမှုကို ပြုလုပ်ကြရာ နိုင်ငံပျက်စီး ထိခိုက်ခြင်းဖြင့် ရှေ့သို့မတက်နိုင်ဘဲ သူတစ်ပါးနောက် အောက် ကျနောက်ကျဖြစ်နေသည်မှာ လွတ်လပ်ပင်လွတ်လပ်သော်ငြားလည်း သူတစ်ပါးအောက် ကျွန်သပေါက်ဘဝသို့ ရောက်ရသည်နှင့် အလားတူပေသည်။

သို့ဖြစ်ပါ၍ မြန်မာပြည်ဖွား ပြည်ထောင်စုသားအားလုံးတို့သည် ရန်လိုတုဖက် ရှောင်ထွက်ကြပြီး အားလုံးညီညာ ပြည်သာယာအောင် အချင်းချင်းညီညွတ်ကြ၊ အချင်းချင်းချစ်ခင်ကြ၊ အချင်းချင်းရိုင်းပင်းကြ၊ အချင်းချင်း မေတ္တာတရားပွားများ ကြကာ ငါတို့နိုင်ငံ၊ သင်တို့နိုင်ငံတိုးတက်ကြီးပွားရေးကို မနှေးအမြန်ထုတ်ဆောင် ထမ်းရွက် ကြိုးပမ်းအားထုတ်ရမည့်အချိန်အခါဖြစ်ပါကြောင်း။

 

(ကြေးမုံ အယ်ဒီတာ့အာဘော်)