Skip to main content

အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၂ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

နေပြည်တော် နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံ၌ ဆရာ ဆရာမများအပေါ် အနန္တာအနန္တဂိုဏ်းဝင်အဖြစ် ရိုသေလေးစားမှုရှိစွာဖြင့် ရှေးယခင်ကတည်းကပင်ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ  မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည် ဖြစ်သည်။

အနန္တအနန္တဂိုဏ်းဝင် ဆရာ ဆရာမများသည်လည်း စေတနာကိုအရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာတပည့်များအပေါ်ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမကအတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာထမ်းဆောင်  နေသူများဖြစ်သည်။

ထိုကဲ့သို့ အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများအား မိမိတစ်ပါတီ ကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ နိုင်ငံရေး အစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူများ၊  NUG ၊ CRPH နှင့် PDF စသည့်အဖွဲ့များသည် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် Social Punishment ပြုလုပ်ခြင်း၊  လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများအပြင် ကလေးငယ်များ ပညာသင်ကြားရေးကို အခက်အခဲဖြစ်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ၊ ဆရာ ဆရာမများကို စာပေသင်ကြားမှုမပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ သာမက အချို့အသက်သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဆရာ ဆရာမနှင့် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်။

အကြမ်းဖက်အဖွဲ့များသည် အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများအား ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ်နေမှုများအား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြ ပါရန်နှင့် အကြမ်းဖက်သမားများ၏လှုပ်ရှားမှုသတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှု မရှိနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

သတင်းစဉ်