Skip to main content

အမျိုးသားစီမံကိန်းအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေအမှတ် (၂၆/၂၀၂၁)ဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ အမျိုးသားစီမံကိန်းဥပဒေကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။ ဤ ဥပဒေသည် ၂၀၂၁-၂၀၂ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တို ဘာလ၁ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဒုတိယ(၆)လတာကာလအတွက် ဆောင်ရွက်ရမည့် အမျိုးသား စီမံကိန်းဥပဒေဖြစ်သည်။

နိုင်ငံတော်၏ လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြုပြီး အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမျိုးသား စီမံကိန်းဥပဒေကို ပြဋ္ဌာန်းလိုက် ခြင်းဖြစ်သည်။

အမျိုးသားစီမံကိန်းဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးတစ်ရပ်လုံး အတွက်ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန/ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ် များဖြစ်သည်။ အမျိုးသားစီမံကိန်းတွင် ကဏ္ဍအလိုက် ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ၊ ဝိသေသပြု ရေးဆွဲချမှတ်ထားသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာကို အခြေခံသော စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းစသည့် ဘက်စုံဆက်စပ် အကျုံးဝင်သည့် စီမံကိန်းများဖြစ်သည်။

အမျိုးသားစီမံကိန်းသည် တိုင်းပြည်အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် သတ်မှတ်ကာလ အပိုင်းအခြားအတွင်း အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရသည့် စီမံကိန်း ဖြစ်သည်။ စီမံကိန်းကို ကာလအပိုင်းအခြားအလိုက် တိုးတက်အောင် ဆောင်ရွက်နိုင်လျှင် တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အထောက်အကူပြုသော စီမံကိန်းများနှင့် နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများ လည်း ပါဝင်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွင်း ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများသည် အစိုးရဌာန အဖွဲ့အစည်းများနှင့် ဆက်စပ်လုပ်ငန်းဌာနအားလုံး အနေဖြင့် ပုံမှန်ဈေးနှုန်းအရ ရည်မှန်းထားသည့် တိုးတက်မှုနှုန်းအသီးသီးတို့ကို ရရှိရန်အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင် ရွက်ရမည့်လုပ်ငန်းများဖြစ်သည်။ (၆)လတာ အမျိုးသား စီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များကို ဆောင်ရွက်ရာတွင် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားရာ သက်ဆိုင်ရာကဏ္ဍများအလိုက် သတ်မှတ်ထားသော (၆)လတာကာလအတွင်း တိုးတက်မှုနှုန်း အသီးသီးရရှိရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ။

ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ/မရှိ၊ ပြည်သူများအကျိုးရှိ/မရှိ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြု/မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိ/မရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုသည့် လုပ်ငန်းများဖြစ်သည်။ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက် အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် စီမံကိန်းဘဏ်အတွင်း ထည့်သွင်းစိစစ် အတည်ပြုထားသည့် မဟာဗျူဟာမြောက် စီမံကိန်းများ ကို နှစ်စဉ်အမျိုးသား စီမံကိန်းတွင် ထည့်သွင်းဖော်ပြလျက်ရှိသည်။

သို့ဖြစ်ရာ ပြဋ္ဌာန်းထားသော အမျိုးသားစီမံကိန်းအရ သတ်မှတ်ထားသော (၆)လတာကာလအတွင်း သတ်မှတ်ထားသောနှုန်းထားများ ပြည့်မီပြီး စီမံကိန်းလုပ်ငန်းအသီးသီး အောင်မြင် စေရန်အတွက် တက်ညီလက်ညီ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါကြောင်း။ ။