Skip to main content

ကျေးရွာထင်းစိုက်ခင်းများ စုပေါင်းထူထောင် စုပေါင်းထိန်းသိမ်း၊ စနစ်တကျသုံးစွဲ

မြန်မာနိုင်ငံတွင် သစ်တောများပြုန်းတီးရခြင်း၏ အဓိက အကြောင်းရင်းများတွင် သစ်များ အလွန်အကျွံထုတ်ယူခြင်း၊ တရားမဝင်သစ်ခိုးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် လာခြင်း၊ မြို့သစ်များတိုးချဲ့ တည်ဆောက်လာခြင်း၊ ထင်း၊ မီးသွေးလောင်စာ လိုအပ်ချက် မြင့်မားလာခြင်း စသည်တို့ပါဝင်သည်။ မြန်မာနိုင်ငံ သစ်တောများ နှစ်စဉ်ပျက်စီးဆုံးရှုံးမှုမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိရာ သစ်တောများ ပြုန်းတီးခြင်း၏ အကျိုးဆက်အဖြစ် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို ရင်ဆိုင် ကြုံတွေ့နေရသည်။

သစ်တောများ ပြုန်းတီးရခြင်းအကြောင်းရင်းတွင် အပါအဝင်ဖြစ်သည့် ထင်း၊ မီးသွေး လောင်စာလိုအပ်ချက် အခြေအနေကို လေ့လာပါက မြို့ပြမိသားစု အိမ်ထောင်စုတစ်စုသည် တစ်နှစ်လျှင် ထင်း၊ မီးသွေး ၁ ဒသမ ၄တန် သုံးစွဲပြီး ကျေးလက်တွင် အိမ်ထောင်စု တစ်စုသည် တစ်နှစ်လျှင် ထင်း၊ မီးသွေး၂ ဒသမ၅ တန်ကို သုံးစွဲသည့် အတွက် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ထင်း/ မီးသွေး ကုဗတန် ၁၈ ဒသမ ၉၅ သန်း မဖြစ်မနေ ဖြည့်ဆည်းပေးရန် လိုအပ်သည်။ ထင်းလောင် စာလိုအပ်ချက်ကို လျှော့ချနိုင်ရန်အတွက် စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်း၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်း လောင်စာများ သုံးစွဲခြင်းတို့အပြင် ထင်းစိုက်ခင်းများ တည်ထောင်ခြင်းတို့ကိုလည်း ပြုလုပ်ရန် လိုအပ်သည်။

ကျေးလက်ပြည်သူများအတွက် လိုအပ်သည့် ထင်း/ လောင်စာနှင့် အိမ်တိုင်၊ ခြံစည်းရိုးတိုင် စသည်တို့အတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်သွားရမည်ဖြစ်သည့်အလျောက် အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ကျေးရွာ ထင်းစိုက်ခင်း ဧရိယာဧက ၁ ဒသမ ၃၅ သန်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ဧရိယာဧက ၂ ဒသမ ၂၇သန်း တည်ထောင်သွားရန် ထည့်သွင်းရေးဆွဲထားပြီး ကျေးရွာ ထင်း စိုက်ခင်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ပြဋ္ဌာန်းပြီးဖြစ်သည်။

ကျေးရွာထင်းစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာနက နိုင်ငံဘတ်ဂျက်ဖြင့် တည်ထောင်စိုက်ပျိုးပေးပြီး ကျေးရွာမှ သုံးစွဲမည့် ကြီးကြပ်မှုကော်မတီသို့ လွှဲပြောင်းပေးအပ်ရာတွင် စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် စိုက်ခင်းများ ပျက်စီးယိုယွင်းလာခြင်း၊ ကျေးရွာထင်းစိုက်ခင်း ဧရိယာများကို အခြားနည်းလမ်းများ သုံးစွဲခြင်းတို့ ဖြစ်ပေါ်ခဲ့သည့် သာဓကများရှိခဲ့ရာ ကျေးရွာထင်းစိုက်ခင်းများ၏ လက်ရှိအခြေအနေကို ပြန်လည်စိစစ်ပြီး ဥပဒေနှင့်အညီ ထိန်းကျောင်းသွားရန် လိုအပ်မည်ဖြစ်သည်။

ထင်းစိုက်ခင်းများ ထူထောင်ခြင်းသည် ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေသည်။ ထင်းစိုက်ခင်းများကို ကျေးရွာလူထုက စုပေါင်းစိုက်ပျိုး၊ စုပေါင်း ထိန်းသိမ်းပြီး စနစ်တကျ ထုတ်ယူသုံးစွဲခြင်းဖြင့် သစ်တောပြုန်းတီးမှု လျော့နည်း ပပျောက် သွားစေမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်များလည်း လျော့နည်းလာမည်ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်နှင့် လူသားတို့အကြား အပြန်အလှန် အကျိုးပြုနိုင်ကြမည် ဖြစ်ပါကြောင်း။