မန္တလေး ဇွန် ၁၉
မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် သဘာဝအရင်းအမြစ်များကို အခြေခံကာ ဆန်းသစ်သော အတွေး စိတ်ကူးများဖြင့် ပေါင်းစပ်ဖန်တီး ဖွင့်လှစ်ထားသည့် အပန်းဖြေစခန်းများ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာကြောင်း တွေ့မြင်ရသည်။
ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည့် မန္တလေးမြို့သို့ ပြည်တွင်းပြည်ပ ခရီးသွားများ ဝင်ရောက်မှု ပိုမိုတိုးတက်လာစေရန် ဆွဲဆောင်မှုအဖြစ် ယခုကဲ့သို့ ဆန်းသစ်တီထွင်မှုများနှင့် ခင်းကျင်းပြင်ဆင် ဖွင့်လှစ်ထားသည့် အပန်းဖြေစခန်းများ ပိုမိုများပြားလာသည်ကို အားရကျေနပ်မိကြောင်း မန္တလေးမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးမိုးမိုးထွန်းက ပြောသည်။
“ယခုကာလမှာ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ကိုဗစ်-၁၉ ရောဂါသတင်းကြောင့် စိုးရိမ် ထိတ်လန့်မှုတွေနဲ့ စိတ်ပင်ပန်းနေကြတယ်။ ဒါ့အပြင် မန္တလေးရဲ့ နွေရာသီအပူချိန်ကလည်း တစ်နှစ်ထက် တစ်နှစ်ပိုမိုမြင့်မားလာတဲ့အတွက် အခုလို ရှိပြီးသား သဘာဝအရင်းအမြစ်တွေ ဖြစ်တဲ့ တောတောင် ရှုခင်းလေးတွေနဲ့ ပေါင်းစပ်ပြီး တီထွင်ဖန်တီးမှုတွေ နဲ့ ထုတ်ဖော်ထားတဲ့ အပန်းဖြေ ဥယျာဉ်တွေ ပေါ်ထွက်လာတာက လာရောက်အပန်းဖြေသူတွေအတွက် စိတ်အေးချမ်းမှုကို ပိုမိုရရှိစေမယ့်အပြင် ဒေသခံပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေအတွက်ပါ | အကျိုးဖြစ်ထွန်းစေမှာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ အပန်းဖြေစခန်းများအနက် ပြင်ဦးလွင်မြို့နယ်ရှိဒီဇင်ဘာပန်းခြံသို့ ယခုလ ရုံးပိတ်ရက်အတွင်း လာရောက် လည်ပတ်သည့် နေပြည်တော် တပ်ကုန်း မြို့နယ်မှ မအေးအေးငြိမ်းက လည်း ဒီဇင်ဘာပန်းခြံကို မနှစ်ကတည်းက ဖေ့စ်ဘွတ်စာမျက်နှာ မှာတွေ့ပြီး စိတ်ဝင်စားလို့ လာခဲ့ တာပါ။ ပြင်ဦးလွင်မြို့ရဲ့ ရေမြေ သဘာဝတောတောင် အလှအပတွေနဲ့ ပေါင်းစပ်ပြီး ပန်းမျိုးစုံကို စိတ်ကူးကောင်းကောင်းလေးနဲ့ တီထွင်ဖန်တီးစိုက်ပျိုးပြသထား မှုတွေကို မြင်တွေ့ရတာ စိတ်ကိုအေးချမ်းစေပါတယ်။ ကျွန်မတို့လို ဓာတ်ပုံရိုက်တာ ဝါသနာပါသူတွေ အတွက်ကတော့ ဒီပန်းခင်းကြီးတွေက အကောင်းဆုံး နောက်ခံဘက်ဂရောင်းတွေပဲပေါ့။
ဒါ့အပြင် ဒီပန်းခြံထဲမှာ ကြိုးတံတားတွေ၊ ရေတံခွန်တွေ၊ လှေစီးလို့ရတဲ့ နေရာတွေနဲ့ စက်ဘီးစီးလည်ပတ်နိုင်တဲ့ အစီအစဉ်တွေလည်း ရှိတဲ့အတွက် ရသမျိုးစုံခံစားပြီး အပန်း ဖြေနိုင်တဲ့အတွက် ကျေနပ်မိပါတယ်။
“ဒီပန်းခြံကို လာရောက်ခဲ့တဲ့ အမှတ်တရအနေနဲ့ ပြောရရင်ကျွန်မတို့ ဇနီးမောင်နှံ စက်ဘီး အတူစီးပြီး လည်ပတ်ခဲ့ရတာကို ကြည်နူးမိပါတယ်” ဟု ပြောသည်။
ထို့ပြင် မန္တလေးတိုင်းဒေသ ကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်သွားရာ လမ်းဘေး တစ်လျှောက်ရှိ လယ်ကွင်းပြင် များအတွင်း စိမ်းစိုလှပနေသည့် စပါးခင်းများအလယ်တွင် အပန်း ဖြေ စခန်းတစ်ခုကဲ့သို့ သက်ငယ် မိုးများဖြင့် ဖန်တီးတည်ဆောက် ထားသည့် တဲငယ်များကို တစု တဝေးတည်း ခင်းကျင်းပြင်ဆင် ထားရှိကာ ဒေသထွက်ကုန်များ ရောင်းချပေးလျက်ရှိရာ လာရောက် အပန်းဖြေအနားယူသူများ နေ့စဉ် များပြားလျက်ရှိသည်။
“ကျွန်တော် မန္တလေးကို မရောက်တာ တစ်နှစ်ကျော်ပါပြီ။ အရင်ကတော့ ထန်းရည်စစ်စစ် သောက်ချင်ရင် မန္တလေးမြို့ တွင်းကနေ ဒီအထိလာပြီး သောက်ရတယ်။ အဲဒီအချိန်တုန်းကတော့ ဒီလမ်းဘေး တစ်လျှောက်မှာ ဖျာကြမ်းလေးခင်းပြီး ရေကြက်ကြော်နဲ့ ထန်းရည်ရောင်းချတဲ့ဆိုင် လေးတွေ ရှိတယ်။ အခုချိန်မှာ ခေတ်ကလည်း တိုးတက်ပြောင်းလဲ လာသလို တီထွင် ဆန်းသစ်မှုနဲ့ ဆွဲဆောင်လာကြတဲ့အတွက် အခုလို အသွင်အပြင်မျိုးနဲ့ ဆိုင်ခန်း တွေကို မြင်တွေ့ရတာပါ။ ဆိုင်ခန်းတွေကို ဆွဲဆောင်မှုရှိဖို့ ဆန်းသစ်တီထွင်ပြီး အဆင့်မြှင့် တင်လာခြင်းဟာ မြန်မာ့ခရီးသွားလုပ်ငန်း အတွက် အားတက်စရာပါပဲ။ ကျွန်တော်ကတော့ ဇာတိမြို့ကို ပြန်ရောက်တုန်းမှာ မိသားစု စုံစုံလင်လင်နဲ့ အခုလို စိမ်းစိုနေတဲ့ စပါးခင်းကြီးထဲမှာ လတ်ဆတ်တဲ့ လေကိုရှူပြီး ထန်းရည်သောက် ရင်း ကြက်ကြော်စားရတဲ့ ဒီအပန်းဖြေခရီးစဉ်ကို အနှစ်သက်ဆုံး ပါပဲ” ဟုစနေ၊တနင်္ဂနွေရုံးပိတ်ရက်အတွင်း နေပြည်တော်မှ မန္တလေးမြို့ရှိ မိဘထံ ခေတ္တပြန်လာသည့် မောင်ရဲကိုကိုက ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အကြားရှိ ဒုဋ္ဌဝတီမြစ်အနီးတွင် တီထွင် ဖန်တီးမှုများဖြင့် ဆွဲဆောင်ထား သည့်အပန်းဖြေစခန်းများ ဖွင့်လှစ် ထားရှိသည့်အပြင် ထပ်မံ၍လည်း ဒုဋ္ဌဝတီမြစ်ကို အခြေပြုသည့် ခရီးစဉ်ဒေသသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနနှင့် မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)