Skip to main content

ကျောက်မဲမြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျောက်မဲမြို့အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၅

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲမြို့၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်မဲမြို့တွင် အုပ်ချုပ်မှုယန္တရားများ ပြန်လည် လည်ပတ်စေနိုင်ရန် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသခံတိုင်းရင်း သားပြည်သူများ အန္တရာယ်ကင်းရှင်းစွာနှင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန်အတွက် TNLA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့များနှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့များက ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းများအား အောက်တိုဘာ ၄ ရက်နေ့မှစတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့်နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံ ဖွင့်လှစ်ပြီး ယနေ့မှစတင်၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းအပြင် ကျောက်မဲမြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောက်မဲမြို့ မြို့အဝင်နေရာနှင့် ပတ်ဝန်းကျင်နေရာများအား ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။

ထို့ပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။