Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ သန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှု၍ သီးနှံများတစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲတက်ရောက်

နေပြည်တော် အောက်တိုဘာ ၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေး၊ စစ်တောင်းလမ်း လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်‌‌ဆေးပြီး ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအား‌ပေးသည်။

ယင်းနောက် ပုဗ္ဗသီရိမြို့နယ်ရှိ (သပြေကုန်းအဝိုင်းနှင့် ကုမုဒြာကြာပန်းအဝိုင်းကြား) လမ်းဘေးဝဲ/ယာနှင့် လမ်းလယ်ကျွန်းများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲ/ယာ ပန်းအလှပင်များ စိုက်ပျိုးရေးတို့ကိုမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ‌ကျေးရွာ လူထုခန်းမ၌ကျင်းပသည့် သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို တက်ရောက်၍ အမှာစကားပြောကြားပြီး နေကြာမျိုးစေ့များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက ပုလဲဓာတ်မြေဩဇာ၊ သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)များကိုလည်းကောင်း တောင်သူများထံပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ သစ်တပ်ကျေးရွာအရှေ့ကျောက်ရောမြေသားလမ်းခင်းကျင်းနေမှု အခြေအနေများနှင့် လမ်းဘေးဝဲ/ယာ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်းပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်၊ စံညွှန်းများကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များ ရေးဆွဲထားစေရေးမှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေး(KC)ခန်းမ၌ ကျင်းပသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာ ပေးဆွေးနွေးပွဲကိုတက်ရောက်၍ စပါးအပါအဝင် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိရေး၊ အသားကဏ္ဍဖူလုံမှုရှိစေရေး ဆွေးနွေး မှာကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေကြာမျိုးစေ့(ရေဆင်းစပ်မျိုးနေကြာ-၁)များ၊ ဓာတ်မြေ ဩဇာများ၊ စပါးမျိုးများကို တောင်သူများထံ‌ပေးအပ်၍ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပုဗ္ဗသီရိမြို့နယ် သံလွင်လမ်း၌ လမ်းလိုင်းအမှတ်အသား ဆေးသုတ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စာသင်ကျောင်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)