နေပြည်တော် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း နှင့်ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လှူဒါန်းရရှိငွေအသီးသီးအား မည်သည့်စာရင်းမှတ်တမ်းမျှ ဖွင့်လှစ်သုံးစွဲခဲ့ခြင်း မရှိကြောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ကာလ အတွင်းတွင်မူ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက နိုင်ငံတော်သို့ လှူဒါန်းသည့် အလှူငွေကျပ် ၂၃၉ သန်းကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့ကထုတ်ပြန်သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာ အမှတ် ၅၈/၂၀၁၉ နှင့်အညီ ဆောင်ရွက်ခြင်းမရှိပဲ ၎င်း၏ရုံးခန်းအတွင်းရှိ မီးခံသေတ္တာနှစ်လုံး၌ ထားရှိ၍ မိမိတစ်ဦးတည်း သဘောဖြင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင်သုံးစွဲခြင်းနှင့် NLD ပါတီအား ထောက်ပံ့ခြင်း တို့သည် ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်၍ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာစေခဲ့ကြောင်း။
ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ပဲခူးမြို့နယ်အတွင်း တပ်စွန့်လွှတ်မြေပေါ်တွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက်ပေးအပ်သည့် ငွေကျပ်သိန်း ၁၀၀ကို လက်ခံရယူခဲ့ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီဥက္ကဋ္ဌတစ်ဦးထံမှ COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက် လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀ ကို အလှူငွေစာရင်းတွင် ထည့်သွင်းရေးသားခြင်းမပြုဘဲ လက်ခံရယူခဲ့ခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလဆန်းပိုင်းတွင် လုပ်ငန်းရှင်တစ်ဦးမှ ပေးအပ်သည့် ငွေကျပ် သိန်း ၅၀ ကို လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း။
ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပဲခူးတိုင်းဒေသကြီးအတွင်း မြေဧက ၄၀၀ ခန့်အား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခဲ့ရာ မြေဧက ၂၀၀ ကျော်အား လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ပေးအပ်သည့် မော်တော်ယာဉ်တစ်စီးကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း။
ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးလွှတ်တော်တို့၏ တားမြစ်ကန့်ကွက်မှုများအပေါ် လျစ်လျူရှုပြီး ပဲခူးတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ Bago Region Construction Control Authority (BRCCA) ကို ၂၀၁၇ ခုနှစ် ဇွန် ၂၂ ရက်တွင် ၎င်းတစ်ဦးတည်းသဘောဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ Bago Region Construction Control Authority/ Bago Region Construction Control Board (Temoporary) အဖွဲ့အား အစိုးရအဖွဲ့ အဝန်းအဝိုင်းအတွင်းရှိ မြေ၊ အဆောက်အဦ၊ ရုံးသုံးပရိဘောဂ၊ ရေ/မီး နှင့် မော်တော်ယာဉ် တို့အား အခမဲ့သုံးစွဲခွင့်ပြုပြီး ဒေသတွင်းတည်ဆောက်ရေးလုပ်ငန်းများအတွက် အရည်အသွေး စစ်ဆေးခဖြစ်သော လုပ်ငန်းပမာဏ ခွင့်ပြုငွေ၏ ၂ ရာခိုင်နှုန်း ဖြစ်သည့် ငွေကျပ် ၁၁၃၆ သန်းကျော်အား ၎င်းအဖွဲ့၏ ဘဏ်ငွေစာရင်း၌ လက်ခံရယူခဲ့ပြီး ၎င်း ၂ ရာခိုင်နှုန်း အနက်မှ ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၃ ရာခိုင်နှုန်း ဖြတ်တောက်ရယူခဲ့ခြင်းအပေါ် ကြပ်မတ်စိစစ်ရန် ပျက်ကွက်ခဲ့သဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ၎င်းသဘောနှင့် ဖွဲ့စည်းခဲ့သော BRCCA/ BRCB(T) အဖွဲ့အား ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးများကို ရရှိစေရန်အတွက် တစ်ဖက်တစ်လမ်းမှ သွယ်ဝိုက် စီမံဆောင်ရွက်ပေးခဲ့ကြောင်း။
ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် ၂၀၁၇-၂၀၁၈ မှ ၂၀၁၈-၂၀၁၉ အထိ ဘဏ္ဍာရေးနှစ် လေးနှစ်တာကာလအတွင်း ပိုလျှံရန်ပုံငွေများဖြင့် လျှပ်စစ်လမ်းမီး ထွန်းညှိခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူခြင်းမရှိပဲ ငွေကျပ်သန်း ၂၀၀၀ ခန့် တန်ဖိုးရှိသည့် လုပ်ငန်း ၁၅ ခုအား ကုမ္ပဏီတစ်ခုတည်းသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေမှ သက်သာစေမည့် တင်ဒါပိုလျှံငွေများ နစ်နာဆုံးရှုံးစေခဲ့သဖြင့် ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ် စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေခဲ့ခြင်းတို့သည် အဂတိလိုက်စားမှုကျူးလွန်ခြင်း ဖြစ်ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်မိုးမိုးစုကြည် အပေါ် တိုင်ကြားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်မိုးမိုးစုကြည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် လှူဒါန်းကောက်ခံရရှိ ငွေကျပ် ၁၄၇ သိန်းကျော်အနက် ငွေကျပ် သိန်း ၈၀ ကျော်ကို သုံးစွဲခဲ့ပြီး လက်ကျန်ငွေကျပ် ၆၆ သိန်းကျော်ကို ကိုယ်ကျိုး အလွဲသုံးစား ပြုခဲ့ခြင်းဖြင့် အများပြည်သူဆိုင်ရာအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိပဲ ကိုယ်ကျိုးအတွက် ရယူသုံးစွဲခဲ့ကြောင်းနှင့် လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်သည့် ကိုဗစ်စင်တာ (၂)ခု၌ ၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ ကာလအတွင်း အစားအသောက် ပေးသွင်းခွင့် (တန်ဖိုးငွေကျပ် သိန်း ၉၀၀ ကျော်)ကို ၎င်းနှင့် ခင်မင်ရင်းနှီးသူအား ခွင့်ပြုခဲ့ပြီး ၎င်းထံမှ ငွေကျပ် ၁၆ သိန်းကျော်တန်ဖိုးရှိ Samsung Galaxy Note 20 Ultra ဖုန်းတစ်လုံး လက်ခံရယူခဲ့ခြင်းဖြင့် အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)