Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၁၅ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှု မြင့်တက်လျက်ရှိရာမှ ၄င်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် (၂၀၂၁)ခုနှစ် မေလကုန်ပိုင်းမှ စတင်၍ ရောဂါဖြစ်ပွားမှု များပြားလာ သည်ကိုတွေ့ရှိရပါကြောင်း။ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နမိတ်ထိစပ်မှု ရှည်လျားသဖြင့် ၄င်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိမှုနှင့် အတူ ရောဂါဖြစ်ပွားမှု မြင့်မားလာသည့်အခါ မိမိတို့နိုင်ငံအတွင်းသို့လည်း အဆိုပါရောဂါပိုးများ ကူးစက်လာနိုင်ခြေ မြင့်တက်လာပါကြောင်း၊ ထိုသို့ ပြည်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်လာ နိုင်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး ပြည်ပမှ ပြန်လာသူများကို စနစ်တကျ အသွားအလာ ထိန်းချုပ်ကန့်သတ်ခြင်းနှင့် အရေအတွက်ကန့်သတ်ခြင်း၊ လေကြောင်းလိုင်းများနှင့် နယ်စပ် ဝင်ထွက်ဂိတ်များအား ယာယီပိတ်ပင်ခြင်းများကို (၂၀၂၁)ခုနှစ် မေလဆန်းမှ စတင်ကာ ရောဂါ ဖြစ်ပွားမှုအခြေအနေကို မူတည်၍ တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း။ ထို့ပြင် နိုင်ငံအတွင်းရှိ အခြားကူးစက်ဖြစ်ပွားမှုမြင့်မားလာသည့် ဒေသများကိုလည်း စနစ်တကျ စောင့်ကြပ်ကြည့်ရှုကာ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခြင်းလုပ်ငန်း များကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝေးလံခက်ခဲဒေသများ အပါအဝင် ရောဂါဖြစ်ပွားမှုများပြားလျက်ရှိသည့် ဒေသများသို့ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် COVID-19 Rapid Antigen Test Kit များ၊ အောက်ဆီဂျင် ဆလင်ဒါများ၊ အောက်ဆီဂျင်စက်များ၊ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ (PPE)၊ သွေးတွင်း အောက်ဆီဂျင်တိုင်းကိရိယာများ (Pulse oximeter)၊ ပဋိဇီဝဆေးများအပါအဝင် အခြားဆေးနှင့် ဆေးပစ္စည်းများ၊ လူနာခုတင်များ၊ ဌာနသုံးမော်တော်ယာဉ်များကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားလာပါက အဆင်သင့်ဖြစ်စေရန် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာကန့်သတ်၍ သီးသန့်ခွဲခြားထားရှိမည့် နေရာများကို သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်း၍ ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။ ရောဂါပြင်းထန်မှု အခြေအနေပေါ်မူတည်၍ လူနာများအား စနစ်တကျ ကုသစောင့် ရှောက်မှုပေးနိုင်ရေး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကုသရေးဆိုင်ရာ အဖွဲ့များမှ စီမံချက် များ၊ လုပ်ငန်းလမ်းညွှန်များ မွမ်းမံရေးဆွဲကြရမည်ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များ၊ စေတနာ့ဝန်ထမ်းများနှင့်ညှိနှိုင်း၍ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တာဝန်ရှိသူများက ရောဂါဖြစ်ပွားမှု၊ ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)