Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်(၆) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်၍ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်

နေပြည်တော် ဇွန် ၈ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၆)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။ အစည်းအဝေးကို တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ နှင့် ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်း ဆောင်များအစည်းအဝေးမှ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်မှုအခြေအနေများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ၏ တိုးတက်မှု အခြေအနေများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်လုပ်ငန်းစဉ်များ အပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားကြရန် ထပ်လောင်း အတည်ပြုခဲ့ကြ သည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်က ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါများ၊ သဘာဝဘေးအန္တရာယ်များနှင့် သမားရိုးကျမဟုတ်သည့်စိန်ခေါ်မှုများ အစရှိသည့် ကမ္ဘာ့စိန်ခေါ်မှုများကို မဲခေါင်-လန်ချန်း မိသားစုစိတ်ဓါတ်ကို အခြေခံ၍ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် လေးစားယုံကြည်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် ရင်ဆိုင်ကျော်လွှားရမည် ဖြစ် ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများလက်တွေ့အကျိုးကျေးဇူးရရှိမှု၊ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်မှု၊ ထိရောက်မှုရှိမှုတို့ကြောင့် (၅)နှစ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံ များ၏ ပြည်သူများသာမက နိုင်ငံတကာအသိုက်အဝန်းကပါ အသိအမှတ်ပြုလာပြီဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းဒေသအတွင်း ကူးစက်ရောဂါများအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံက “ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ” ထူထောင်ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုတွင် ဒေသတွင်းနယ်စပ်ဖြတ်ကျော်မှုခင်းများဖြစ်သည့် လူကုန်ကူးမှု၊ တရားမဝင် ဆေးဝါးများထုတ်လုပ်ရောင်းဝယ်မှု၊ လက်နက်ကုန်ကူးမှု၊ သစ်တောထွက်ပစ္စည်းများအား တရားမဝင်ကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို ပိုမိုအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက် တွင် ပြည်သူအချင်းချင်းအပြန်အလှန်ဆက်ဆံမှုမြှင့်တင်ရေး၊ လူငယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ မဲခေါင်-လန်ချန်း အတွင်းရေးမှူးရုံး/ပူးပေါင်းညှိနှိုင်း ရေးရုံးများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကဏ္ဍ၊ မဲခေါင်-လန်ချန်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးရပ်ဝန်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်း-ရေနှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ်တို့ အကြား ပေါင်းစပ်ဆောင်ရွက်သွားရန်ကိစ္စတို့ကို ဆွေးနွေးသည်။ ယင်းနောက် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက အနာဂတ်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဦးစားပေးမူဝါဒ (Development First) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါတုံ့ပြန်ရေး၊ ကာကွယ်ဆေးရရှိရေး နှင့် COVID-19 အလွန် စီးပွားရေးပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ဒေသတွင်းပြည်သူများ လူနေမှုမြင့်မားတိုးတက်ရေးအတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက် မှုရန်ပုံငွေများကို ပိုမိုထိရောက်စွာအသုံးချစေလိုကြောင်း၊ ပညာရေးနှင့် လူငယ်ကဏ္ဍ အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြင့်ရေးကို ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။ အစည်းအဝေးမှ “၂၀၂၁ ခုနှစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ” ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းများစာရင်းကို အတည်ပြုချမှတ်ခဲ့ရာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၈)သန်းကျော်တန်ဖိုးရှိ စီမံကိန်း(၂၂)ခု ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသည် အဆိုပါစီမံကိန်းများ အကောင်အထည်ဖေါ်ရန်အတွက် ရန်ပုံငွေကို မဲခေါင်-လန်ချန်း အထူးရန်ပုံ ငွေမှ လက်ခံရရှိမည်ဖြစ်ပြီး၊ ကျန်းမာရေး၊ သမားရိုးကျမဟုတ်သောလုံခြုံရေး၊ လုပ်ငန်းခွင် ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးကဏ္ဍများတွင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ အစည်းအဝေးမှ ဒေသဆိုင်ရာအစိုးရ/အုပ်ချုပ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ၊ ဒေသတွင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍနှင့် တိုင်းရင်းဆေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်(၃)ခုကို ထုတ်ပြန်ခဲ့သည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး တို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကိုလျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံ များ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများပါဝင်သည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများသည် အစည်းအဝေး မစတင်မီတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုပြပွဲအား ကြည့်ရှုလေ့လာခဲ့ပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု website ကို အဖွဲ့ဝင်နိုင်ငံများ၏ဘာသာ(၆)ခုနှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် စတင်ထုတ်လွှင့်ခြင်းအခမ်းအနား၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ဒီဇိုင်း ပြိုင်ပွဲဖွင့်ပွဲနှင့် Mekong-Lancang Youth Online Platform ဖွင့်ပွဲအခမ်းအနားများကို တက်ရောက်ခဲ့ကြသည်။ (သတင်းစဉ်)