ဂေဟစနစ်သည် သက်ရှိသတ္တဝါများနှင့် သက်မဲ့ရုပ်ဝတ္ထုပစ္စည်းများ အချင်းချင်း သဟဇာတဖြစ်လျက် အပြန် အလှန်မှီတည်နေသော သဘာဝစနစ်တစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြောက်ဘက် ဆုံးပိုင်းမှ တောင်ဘက် စွန်းပိုင်းအထိ မတူကွဲပြားခြားနားသော ဂေဟစနစ်များသည် အလွန်တန်ဖိုးကြီးမားသော သဘာဝအရင်းအနှီး များပင် ဖြစ်ပါသည်။ ကောင်းမွန်စွာရှင်သန်နေသော ဂေဟစနစ်များမှ လူသားများအတွက်အရေးပါသော သဘာဝ အရင်းအမြစ်များကို အမြဲမပြတ် ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ရာသီဥတု၊ ရေနှင့်လေ အရည်အသွေးတို့ကို ထိန်းညှိပေးခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို လျှော့ချပေးခြင်း စသည်တို့ကိုလည်း အထောက်အကူ ပြုလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘာပေါ်ရှိသက်ရှိများ အသက်ရှင် ရပ်တည်ရေးအတွက် ဂေဟစနစ်များမှာ မရှိမဖြစ်လိုအပ်နေသော ကွန်ရက်တစ်ခုဟုပင် ဆိုနိုင်ပါသည်။
ကိုးတက်လာသောခေတ်နှင့်အညီ လူသားများက မိမိတို့အား ၊ အကျိုးပြုနေသော ဂေဟစနစ်များကို လောဘ ရမ္မက်ကြောင့် ပုံစံ အမျိုးမျိုးဖြင့် ဖျက်ဆီးလာကြပါသည်။ သစ်တောများ ခုတ်ထွင် ရှင်းလင်းခြင်း၊ မြို့ပြ ဧရိယာ များချဲ့ထွင်ခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေဧရိယာများချဲ့ထွင်ခြင်း၊ ရေသယံဇာတ နှင့် မြေသယံဇာတများ ထုတ်ယူသုံးစွဲမှုပိုမိုများပြားလာခြင်း၊ တိုးတက် လာသော မြို့ပြနှင့် စက်မှု ဖွံ့ဖြိုးရေး လုပ်ငန်း များမှ ကာဗွန်ထုတ်လွှက် မှုများပြားလာခြင်း စသည်တို့သည် ဂေဟစနစ်ကို ပျက်စီးစေသော အကြောင်း ရင်းများပင် ဖြစ်ပါသည်။ ။
သဘာဝဂေဟစနစ်များ ပျက်စီးယိုယွင်းလာမှုကြောင့် ယနေ့ ကာလတွင် ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများလျော့နည်း ပျောက်ဆုံးခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှု များလာခြင်း စသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ယနေ့ လူငယ်များနှင့်အနာဂတ်မျိုး ဆက်များ၏ ဆက်လက်အသက်ရှင်ရပ်တည်ရေးမှာ အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် လက်ရှိ ယိုယွင်းကျဆင်း နေသည့် သဘာဝဂေဟစနစ် များကို အလျင်အမြန် ပြန်လည်ပြုပြင်နိုင်စွမ်းအပေါ်တွင် တည်မှီ နေပါသည်။
ရာသီဥတုပြောင်းလဲမှုဒဏ် တွန်းလှန်တိုက်ဖျက်နိုင်ရေး၊ ဇီဝ မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ် ရေရှည် တည်တံ့စေရေးအတွက် ပြုန်းတီးနေသည့် ဂေဟစနစ်များကို ပြန်လည် ပြုပြင် ထိန်းသိမ်း နိုင်ရေးကိုဦးတည်၍ ကမ္ဘာ့ကုလသမဂ္ဂမှ ၂၀၂၁ ခုနှစ်တွင် “၂၀၂၁-၂ဝ၃ဝ အထိဂေဟစနစ်ပြန်လည်ကောင်းမွန် ရှင်သန်ရေး” ကုလသမဂ္ဂဆယ်စုနှစ် ကြေညာချက်ကို ထုတ်ပြန် ခဲ့ပါသည်။ ဂေဟစနစ် ပြန်လည်ပြုပြင် ထိန်းသိမ်းရေးကို စဉ်ဆက်မပြတ်
ဆောင်ရွက်ခြင်းသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ ဆင်းရဲ မွဲတေမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးပျောက်ကွယ်နေမှုကို ကာကွယ် ထိန်းသိမ်းရေး စသည်တို့အတွက် အထောက်အကူဖြစ်စေမည့်အပြင် အနာဂတ်မျိုးဆက်များအတွက်သန့်ရှင်းကောင်းမွန်သော သဘာဝ ပတ်ဝန်း ကျင်ကို လက်ဆင့်ကမ်းနိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ပက်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ် ဖြစ်သည့် “ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည် ပြုပြင်ထိန်းသိမ်းကြပါစို့ (Ecosystem Restoration)” ဟူသော တိုက်တွန်းချက်နှင့်အညီ ကျွန်ုပ်တို့အားလုံး သဘာဝဂေဟစနစ်နှင့် သဟဇာတဖြစ်စွာ နေထိုင်ရေးနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးမှာ အလွန်အရေးကြီး နေပေပြီဖြစ်သည့် အလျောက် မိမိတို့အားလုံး အတူလက်တွဲ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြန်လည်ပြုပြင် ထိန်းသိမ်းသွားကြပါစို့ဟု တိုက်တွန်း အပ်ပါသည်။ ။