နေပြည်တော် ဖေဖော်ဝါရီ ၉
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပ သည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းတွင် ကျေးရွာပေါင်း (၁,၀၃၁) ရွာ ရှိသည့်အနက် ၂၀၁၈ ခုနှစ်၌ ရွာပေါင်း(၄၇၅) ရွာကိုသာ လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့၍ (၄၆) ရာခိုင်နှုန်းခန့်သာရရှိခဲ့ပြီး ယခု ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် တောင်ပိုင်းခရိုင်အတွင်း (၁၂၃) ရွာကို ထပ်မံ၍ ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် စုစုပေါင်း (၅၉၈) ရွာ ဓာတ်အားရရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားရရှိမှုအနေဖြင့် (၅၈) ရာခိုင်နှုန်းခန့်အထိရရှိခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်ကျေးလက်ဒေသများသို့ လျှပ်စစ် ဓာတ်အားရရှိရေး စီမံဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း (၁,၀၈၅) ရွာသာ မီးလင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ (၂၆၉)ရွာ ထပ်မံမီးလင်းခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်းခန့်အထိ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ပါ ကြောင်း၊၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ (၄၉၅) ရွာလျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၈၇ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၌ ကျန်ရှိ သည့် (၂၅၉) ရွာကို လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး (၁၀၀)ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်း ချက်ထားစီမံ ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနက် ယခုဆောင်ရွက်ပေးခဲ့သော ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်း တွံတေးမြို့နယ်သည် ဧရိယာ အကျယ်အဝန်း ၂၇၉ ဒသမ ၀၉ စတုရန်းမိုင် ကျယ်ဝန်းကာမြို့ပေါ် ရပ်ကွက် (၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၅) အုပ်စု၊ ကျေးရွာပေါင်း (၂၃၅) ရွာရှိသည့်အနက် မြို့ပေါ်ရပ်ကွက် (၈) ရပ်ကွက်နှင့် ကျေးရွာ (၁၂၁) ရွာတို့ကိုသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခု ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခတ္ထိယ ဓာတ်အားခွဲရုံတစ်ရုံ၊ ထရန်စဖော်မာ အလုံး (၂၀) ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၉ ဒသမ ၅၂) မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း (၂၅ဒသမ၁၃) မိုင်နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂၃ ဒသမ ၄) မိုင်တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ (၂,၄၇၂ ဒသမ ၅၀၅) သန်း အသုံးပြုကာ တည်ဆောက်ပေးခဲ့သည့်အတွက် ကျေးရွာပေါင်း (၃) ရွာ ထပ်မံဓာတ်အားရရှိမည်ဖြစ်ကာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နောက်ထပ်ကျေးရွာ (၂၈) ရွာ ထပ်မံ ဓာတ်အား ရရှိမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၃,၄၃၅) စု ထပ်မံဓာတ်အား ရရှိသွားမည်ဖြစ်ပါကြောင်း။
ဤဒေသရှိ မိဘပြည်သူများအနေဖြင့် ယခင်ကမရရှိခဲ့သည့် လျှပ်စစ်ဓာတ်အားများရရှိလာသည့်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် အစစတိုးတက်ပြောင်းလဲလာမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့်အညီ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံး ကလည်း ပူးပေါင်းကူညီဆောင်ရွက် ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ် ခံလို ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် တွံတေးမြို့နယ်၊ ခတ္ထိယရွာသစ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးတို့က ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်း အတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။
ယင်းနောက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခတ္ထိယ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားမုခ်ဦးအား တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်လျှပ်စစ်သတ္တုနှင့် သစ်တောရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင်ရှိန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးနှင့် ဦးနေနိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ထို့နောက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခတ္ထိယ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား ကမ္ဗည်းကျောက်စာမော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ် ဦးလှအေးတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)