Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများ၏ အမည်နာမ မှည့်ခေါ်ပုံအကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနား တက်ရောက်

နေပြည်တော်   မေ ၂၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက တိုင်းရင်းသား လူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံအကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအတွင်းရှိ အရာထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူဖြစ်လာပါက အမည်မှည့်ခေါ်ရပါကြောင်း၊ လူမျိုးတိုင်းတွင် အမည်မှည့်ခေါ်ကြပုံများသည်  လူမျိုးတစ်မျိုးနဲ့တစ်မျိုး  တူညီမှုမရှိပဲ စိတ်ဝင်စားစရာ ကောင်းပါကြောင်း၊ လူမျိုးတစ်မျိုး၏ အသက်သည် စာပေနှင့်ယဉ်ကျေးမှုဟု သမုတ်လျှင် ယင်းလူမျိုး၏အသဲနှလုံးသည် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာဟု သမုတ်နိုင်ပါကြောင်း၊  အဘယ်ကြောင့်ဆိုသော် လူမျိုးတစ်မျိုး၏ ရိုးရာ ဓလေ့သည် ၎င်းတို့၏ဝိသေသလက္ခဏာကို ဖော်ညွှန်းနေကြခြင်းကြောင့်ဖြစ်ပြီး လူမျိုးတစ်မျိုး ရေရှည် တည်တံ့နေရန်မှာ စာပေနှင့်ယဉ်ကျေးမှု သည် အဓိကကျသလို ရိုးရာဓလေ့ထုံးတမ်း စဉ်လာသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍက ပါဝင်သည်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က တိုင်းရင်းသားမျိုးနွယ်စု (၈၅) မျိူး၏ အမည်နာမ မှည့်ခေါ်ပုံများကို အတည်ပြု ချက်ရယူ၍ ပြုစုထားခြင်းဖြစ်ကြောင်း  ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေလဲ့ရည်ဦး က ကချင်တိုင်းရင်းသားမျိုးနွယ်စုတွင် ပါဝင်သော ကချင်တိုင်းရင်းသား (၆) မျိုးနှင့် ကယားတိုင်းရင်းသား မျိုးနွယ်စုတွင် ပါဝင်သော ကယားတိုင်းရင်းသား (၉) မျိုးတို့၏ အမည်နာမမှည့်ခေါ်ပုံများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားသည်။

(သတင်းစဉ်)